ရန်ကုန်၊ နိုဝင်ဘာ ၇
စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့နဲ့ ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချင်းပြည်ကောင်စီ(Chinland Council)က မနေ့က ထုတ်ပြန်ထားလိုက်ပြီး အဲ့ဒီလုပ်ထုံးလုပ်နည်းထဲ တားမြစ်ချက်တွေ အပါအဝင် အပိုင်း ၆ ခု ပါဝင်ပါတယ်။
ဒီတားမြစ်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ချင်းပြည်အစိုးရဖြစ်တဲ့ ချင်းပြည်ကောင်စီက ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ -၂၀၂၃ လုပ်ပိုင်ခွင့်အရ အမိန့်ကြေညာချက် ထုတ်ပြန်တာပါ။
ချင်းပြည်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းဟာ ဥပဒေကဲ့သို့တည်တဲ့ လုပ်ထုံးလုပ်နည်းဖြစ်ကာ ချင်းပြည်နဲ့ပြင်ပမှာရှိနေတဲ့ ချင်းလူထုရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာနဲ့ ပူးပေါင်းပါဝင်သူတွေကို အရေးယူဖို့အပါအဝင် လုပ်ငန်းဆောင်ရွက်ရာမှာ အရပ်သားတွေ မထိခိုက်စေဖို့နဲ့ အရေးယူခံရသူတွေကို လုပ်ထုံးလုပ်နည်းအတိုင်း ကိုင်တွယ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒါ့အပြင် ချင်းပြည်ထဲ အတုအယောင်ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်တာ၊ ပါတီရုံးခန်းဖွင့်တာ မလုပ်ဖို့အပြင် လူမှုကွန်ရက်အပါအဝင် မဲဆွယ်စည်းရုံးတာနဲ့ အရပ်သားတွေကို ဆန္ဒမဲပေးဖို့ ခြိမ်းခြောက်တာတွေ မပြုလုပ်ဖို့ တားမြစ်ထားကြောင်း သိရပါတယ်။
အဲ့ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အနေနဲ့ သိမ်းဆည်းဖို့၊ ထောင်ဒဏ် အနည်းဆုံး ၁ နှစ်ကနေ အများဆုံး (၅)နှစ်အထိ ချမှတ်တာ ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး ၅ သိန်းကနေ သိန်း ၂၀ အထိ ချမှတ်နိုင်တယ်လို့ ချင်းပြည်ကောင်စီက ပြဋ္ဌာန်းထားပါတယ်။
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ အစီအစဉ်တွေ အထမမြောက်ဖို့ ဆန့်ကျင်တဲ့အဖွဲ့ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပြီး ချင်းပြည်အစိုးရရဲ့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့အနေနဲ့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းပြည်တရားလွှတ်တော်ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်အပ်နှင်းထားပါတယ်။
ချင်းပြည်ကောင်စီက ပြဋ္ဌာန်းထားတဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့သူတွေကို အရေးယူတဲ့အခါ လုပ်ထုံးလုပ်နည်း ကြေညာချက်ပါ အချက်တွေနဲ့ ကိုင်တွယ်ဖို့၊ နိုင်ငံတကာဥပဒေတွေ၊ စံချိန်စံနှုန်းအတိုင်း ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









