စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဘုတင်လင်းမြို့နယ်တွင် မုံရွာ နမခ ကာကင်းအဖြစ် အထိုင်ချတပ်စွဲထားသော ဇီးတောရွာမှ စစ်ကြောင်းထိုးရန် အင်အား ၇၀ ခန့်ဖြစ် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို ပိုးကုန်းလမ်းခွဲအနီးတွင် မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) အဖွဲ့က စောင့်ကြိုကာ မိုင်းကွင်းအတွင်း ပဒေသာရှေ့ထွက်မိုင်းများဖြင့် ဆီးကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် Chindwin Brothers အဖွဲ့၏ မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၀ မိနစ် ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားသောကြောင့် စစ်ကြောင်းဆက်လက်ထိုးနိုင်ခြင်းမရှိတော့ဘဲ ၎င်းတို့တပ်စွဲထားသော ဇီးတောရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပိုးကုန်းလမ်းခွဲအနီးကို ထပ်မံစစ်ကြောင်းထိုးရန် ထွက်လာစဉ် မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေး လက်ရုံးတပ်ဖွဲ့ (Chindwin Brothers) က ဦးဆောင်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ ဇီးတောရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ထိုသို့ ဆုတ်ခွာသွားသော်လည်း တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့ တပ်စွဲထားသော ဇီးတောရွာမြောက်ဘက်ရှိ အထိုင်စခန်းအထိ လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ဘုတလင်နယ်မြေအတွင်းက ကိစ္စကတော့ အခုက အနောက်ဇီးတောရွာမှာ စစ်တပ်က မုံရွာ နမခ အတွက် ကာကင်းပုံစံပေါ့။ မုံရွာ ကျောက္ကာတောင်ရွာမှာ ကျောက္ကာ ရွှေဂူဘုရားကြီး အနီးတဝိုက်မှာ အခြေပြု တပ်စွဲထားသလို ပုံစံမျိုးနဲ့ မြို့ကို နောက်ဘက်ကနေ ကာကင်းထုတ်ထားတဲ့ ပုံစံမျိုးပေါ့ လုပ်ခဲ့မယ်ဆိုရင်တော့ လမ်းပိုင်းထိန်းချုပ်ရင်းနဲ့ မြို့ကို ကာကင်းထုတ်ထားတာမျိုး အခုလည်း ဘုတလင် အနောက်ဇီးတောရွာမှာ နမခကို ကာကင်းထုတ်ထားမျိုးဆိုရင်တော့ ရေရှည်မှာ စစ်ရှောင် ပြည်သူတွေအတွက် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်လာနိုင်စရာရှိတယ်။ သူတို့ စားဝတ်နေရေးတွေ ခက်ခဲမှာ စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒါကို စိုးရိမ်မှုရှိနေပါတယ်။ ရန်သူ စစ်တပ် ဘက်ကတော့ သူတို့ လုပ်စရာရှိတဲ့ အလုပ်ကို ပြတ်ပြတ်သားသား လုပ်ပါတယ်။ ကျနော်တို့ ဘက်ကတော့ ကျနော်တို့ လုပ်နိုင်တဲ့ အားလေးနဲ့တော့ ကြိုးစားဆောင်ရွက်နေတာတွေရှိပါတယ်။ လောလောဆယ်မှာ လောလောဆယ်မှာတော့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်တာပဲရှိပါတယ်” ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) မှ ဦးဆောင်၍ မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army ၊ ဗိုလ်လက်ကောက် အဖွဲ့၊ Snipe Rangers Force (Local – PDF) – S.R.F အဖွဲ့၊ ဒေါင်းပျောက်ကြားအဖွဲ့ ၊အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာအဖွဲ့ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲများအတွင်း တော်လှန်ရေးအဖွဲ့များဘက်မှ အကြမ်းဖက် စစ်တပ်၏ နယ်မြေရှင်းလင်းရေး ရည်မှန်းချက်ကို ဟန့်တား၍ ဘုတလင်မြို့နယ် တောင်ပိုင်းရှိ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မှုအား စုပေါင်းအင်အားဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အထိခိုက်၊ အကျဆုံးမရှိဘဲ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





