31 C
Yangon

ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်ရှိ အမြင့်နယ်မြေရဲစခန်းမှ ထွက်လာသော ရဲ ၂ ဦးကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ မှ ရဲဘော် ၈ ဦးက အမြင့်မြို့ဟောင်း ရဲစခန်းအနီး ချင်းတွင်းမြစ်ဆိပ်ကမ်းတစ်ခုတွင် အသင့်ကြိုကာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း နယ်ထိန်း နိုင်ထက်ဇော်နှင့် ရဲတပ်သား မိုးဇော်အောင်တို့ ပြန်လည်ခုခံနိုင်ခြင်းမရှိဘဲ ကျည်ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ရဲ ၂ ဦးထံမှ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၁၂ တောင့်နှင့် လက်ကိုင်ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“အဲဒီအမြင့်နယ်မြေရဲစခန်းက ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတာပေါ့။ သူ့ကို ထောက်ထားတာက ချောင်းဦးကလည်း ထောက်ထားတယ်။ ကန်ကြီးကုန်း ပျူစောထီး ခွေးအထိုင်ချ စခန်းကလည်း ထောက်ထားတယ်။ ကင်မွန်းတော်ပေါ့ ခွေးအထိုင်ချ စခန်းပေါ့။ တော်တော်ကြီးတယ်။ အဲပျူရွာက ထောက်ထားတာရှိတယ်။ သူကထောက်ထားတဲ့အတွက် ကျနော်တို့ စစ်ရေး လှုပ်ရှားအခါမှာ အနည်းငယ်တော့ အခက်အခဲရှိပါတယ်။ ကျနော်တို့ အမြင့်ရဲစခန်းကို ရေကြောင်းနဲ့ နမခ ကနေ စစ်ကူပို့တယ်။ အဲချက်ခြင်းရောက်လာတဲ့အတွက် ရဲဘော်တွေရဲ့ ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်ရတဲ့အတွက် ကျနော်တို့ အပြတ် မလုပ်နိုင်ခဲ့ဘူးပေါ့။ ကျနော်တို့ စခန်းသိမ်း ဗျူဟာမလုပ်နိုင်ခဲ့ဘူး။ အခုက ပြောက်ကျားနည်းဗျူဟာအရ အမှဲ့ခြွေ စစ်ဆင်ရေးသွားတဲ့ အနေအထားရှိပါတယ်” ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောဆိုသည်။

ထိုတိုက်ခိုက်မှုကို မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က အမြင့်ရဲစခန်းမှသော်လည်းကောင်း၊ ချောင်းဦးမြို့ပေါ်မှလည်းကောင်း စစ်ကြောင်းပြန်လည်ထိုးလာနိုင်မည်ကို ကြိုတင်တွက်ဆ၍ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းမှ NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများကို မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့နှင့် စစ်ရေးမိတ်ဖက်အဖွဲ့အစည်းများ စုပေါင်းအားဖြင့် မိုင်းကွင်းများ ကာပေးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article