30 C
Yangon

ကလေးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းက နတ်ချောင်းရွာသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြောင်းထဲတွင် စွန့်ပစ်ခဲ့၊ စစ်တပ်က ကျေးရွာများကို မီးရှို့ပြီး လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နတ်ချောင်းရွာသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြောင်းထဲတွင် စွန့်ပစ်ခဲ့ကာ ကျေးရွာများကိုလည်း မီးရှို့ပြီး လေယာဉ်ဖြင့် ဗုံးကျဲ၍ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး ထိုမာရွာ GTC တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းပြီးနောက် အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးလာကြောင်း၊ ယင်း စစ်ကြောင်းက လက်ရှိအချိန်အထိ ကျွန်းချောင်းရွာ၊ ထောက်ကြန့်ရွာ၊ နတ်မြောင်းရွာ၊ နတ်ချောင်းရွာ၊ ချောင်းခွရွာနှင့် ဟားခါးလေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ထိုစစ်ကြောင်းသည် နတ်ချောင်းရွာကို ဝင်ရောက်စီးနင်းစဉ် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်လာပြီး ရိက္ခာပြန်ယူသည့် ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းများကို မြောင်းထဲတွင် ပစ်ချထားခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများသည် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၆ ရက်နေ့လည်း အကြမ်းဖက် စစ်တပ်က တင်သားကျေးရွာ ရတနာမာရ်အောင်ကျောင်းတိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းထိုင်ဆရာတော်နှင့် ကိုယ်ရင်တစ်ပါးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင်လည်း အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ် တောင်ပိုင်းကို ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး တိုက်ပွဲများလည်း နေ့စဉ် ဖြစ်ပွားနေကာ ထောက်ကြန့်ရွာ၊ ကြာအင်းရွာ၊ စည်သာရွာ၊ နတ်မြောင်းရွာ၊ နတ်ချောင်းရွာ၊ ကြံသာရွာ၊ အောင်သာယာရွာနှင့် မှန်တောရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများမှာ ဘေးလွတ်ရာကို ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းကရှိနေတုန်းပဲ အခုထိကို ပြည်သူတွေလည်း ဆက်လက်တိမ်းရှောင်ရတယ်။ နတ်ချောင်းရွာကို ပြည်သူတချို့ ပြန်လည်ဝင်ရောက်ချိန်မှာ စစ်ခွေးတွေ သတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၂ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ စစ်ခွေးတွေ မီးရှို့သွားတာတော့ ရွာတွေများတယ်။ နေအိမ် ပျက်စီးမှု အခြေအနေကိုတော့ ဆက်လက် အတည်ပြုနေပါတယ်။ စစ်ခွေးတွေ လေကြောင်းနဲ့ ဗုံးကျဲသွားလို့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article