ဒါဟာ ဖြစ်နိုင်ရဲ့လားဆိုတဲ့ မေးခွန်းကို “ကြံ့ဖွံ့ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်း (၄၈၉) ဦး မင်းအောင်လှိုင်အမိန့်ဖြင့် ပြောင်းရွှေ့ ” ဆိုတဲ့ သတင်းက အဖြေပေးလိုက်ပါတယ်။
ကြံ့ဖွံ့ပါတီဟာ အရင်ကတည်းက စစ်အာဏာရှင်တို့ရဲ့ လက်ကိုင်တုတ်၊ လက်ဝေခံ ပါတီဆိုတာ လူတိုင်းသိပြီးသားပါ။ လက်ရှိ ကြံ့ဖွံ့ ပါတီရဲ့ ဥက္ကဌ ခင်ရီဟာဆိုရင်လည်း အကြမ်းဖက်စစ်တပ်မှာ ဗိုလ်မှူးချုပ်၊ ရဲချုပ်တာဝန်တွေထမ်းဆောင်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းအပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)မှာလည်း ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။
အခု သူက အတုအယောင်ရွေးကောက်ပွဲမှာ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်မှာဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ ဒုတိယဥက္ကဌ မျိုးဇော်သိန်း ဟာဆိုရင်လည်း အကြမ်းဖက်စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်ရဲ့ စစ်ရေးချုပ်ရာထူးကနေ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ကြံ့ဖွံ့ပါတီကို ပြောင်းရွှေ့လာခဲ့ပြီး ပါတီဒုဥက္ကဌ ဖြစ်လာခဲ့တာပါ။ သူက အတုအယောင်ရွေးကောက်ပွဲမှာ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ကနေ ဝင်ရောက်မှာဖြစ်ပါတယ်။
နဂိုကတည်းက စစ်သားဟောင်းတွေများစွာနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်လက်ဝေခံပါတီ ကြံ့ဖွံ့ ထဲကို မင်းအောင်လှိုင်က သူ့လူယုံတွေကို ထပ်ထည့်ပြီး အတုအယောင်ရွေးကောက်ပွဲအပြီး အခင်းအကျင်း မှာပါ စစ်တပ်ရဲ့ နိုင်ငံရေးအာဏာကို မယုတ်မလျှော့အောင် ကြံစည်ဆောင်ရွက်နေတာက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။
လက်ရှိ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်(စကမ) ရဲ့ အဖွဲ့ဝင် နဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဖြစ်တဲ့ အောင်လင်းဒွေးကိုလည်း ကြံ့ဖွံ့ပါတီကိုပို့ပြီး အတုအယောင်ရွေးကောက်ပွဲမှာ နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) ကနေ ဝင်ပြိုင်ခိုင်းထားပါတယ်။ အောင်လင်းဒွေးဟာ အကြမ်းဖက်စစ်တပ်မှာ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)မှာ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
လက်ရှိမှာ ဝန်ကြီးချုပ်ရာထူးနဲ့ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်(စကမ) အဖွဲ့ဝင် ရာထူးတို့ကို ပေးအပ်ခြင်းခံထားရတဲ့ ညိုစောကိုလည်း အတုအယောင်ရွေးကောက်ပွဲမှာ ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ခိုင်းထားပါတယ်။ ညိုစောဟာ အကြမ်းဖက်စစ်တပ်မှာ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)မှာလည်း အဖွဲ့ဝင်နဲ့ မင်းအောင်လှိုင်ရဲ့ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
လက်ရှိ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ရာထူးခန့်အပ်ခြင်းခံထားရပြီး ယခင်က အကြမ်းဖက်စစ်တပ်မှာ ဗိုလ်ချုပ်ကြီးအဖြစ် လုပ်ခဲ့ဖူးတဲ့ မြထွန်းဦးကိုလည်း အတုအယောင်ရွေးကောက်ပွဲမှာ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒ နယ်ကနေ ဝင်ခိုင်းထားပါတယ်။
မြထွန်းဦးဟာလည်း ၂၀၂၁ စစ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)မှာ ဒုတိယဝန် ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိမှာ ပြန်ကြားရေးဝန်ကြီး ရာထူးကို ခန့်အပ်ခြင်းခံထားရပြီး ယခင်က အကြမ်းဖက်စစ်တပ်တွင် ဗိုလ်ချုပ်ရာထူးနဲက နယ်စပ်ရေးရာဒုတိယဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ မောင်မောင်အုန်း ကိုလည်း အတုအယောင်ရွေးကောက်ပွဲမှာ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ခိုင်းထားတာတွေ့ရပါတယ်။
မောင်မောင်အုန်းဟာ နယ်စပ်ဒေသများရှိ အွန်လိုင်းကျားဖြန့်ငွေလိမ် လုပ်ငန်းတွေနဲ့များစွာ ပတ်သက်ဆက်နွယ်နေသူတဦးဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် လည်းကောင်း တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်တပ်မှာ ၂၀၀၁ ခုနှစ်တုန်းက ဗိုလ်မှူးကြီး အဆင့်နဲ့ စစ်ဦးစီးအရာရှိချုပ် (လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဖြစ် တိုးမြှင့်ခြင်း ခံခဲ့ရသူ၊ ၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်အဆင့်နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တာဝန်ယူခဲ့သူ မြတ်ဟိန်းကိုလည်း အတုအယောင်ရွေးကောက်ပွဲမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒ နယ်ကနေ ဝင်ပြိုင်ခိုင်းထားပါတယ်။ မြတ်ဟိန်းဟာ သိန်းစိန်လက်ထက်မှာ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနရဲ့ ဝန်ကြီး ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ကြံ့ဖွံ့ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရာထူးအကြီးပိုင်းတွေဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ စစ်ရာထူးခန့်ချုပ် ဒုဗိုလ်ချုပ်ကြီး လင်းအောင်၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အမှတ် (၃) စစ်ဆင်ရေးအထူးဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော် စတဲ့ ဒုဗိုလ်ချုပ်ကြီးတွေကလည်း အရပ်ဝတ်လဲ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အမှုမှာ အဓိကကြိုးကိုင်သူဖြစ်တဲ့ လင်းဇော်ထွန်း ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း အတုအယောင်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီကနေတဆင့် မိုင်းဖြတ်မြို့နယ်ကနေ ဝင်ပြိုင်မယ်ဆိုတာလည်း ရှိပါသေးတယ်။
ဆိုတော့ကာ အတုအယောင်ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ နိုင်ငံရေးအာဏာကိုလျှော့ချပြီး အရပ်သားတွေကို အာဏာခွဲဝေပေးဖို့ လုပ်တဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူး။ ပြည်သူတွေကို သတ်ပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်ကောင်တွေက သူတို့ရဲ့ သွေးစွန်းနေတဲ့ စစ်ယူနီဖောင်း ကိုချွတ်၊ တိုက်ပုံ လဲဝတ်ပြီး စစ်တပ်အာဏာတည်မြဲရေး၊ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေး တို့အတွက် ဟန်ပြပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ်ဆိုတာ အခုလောက်ဆိုရင်တော့ သိမြင်နားလည်လောက်ပြီ ထင်ပါတယ်။
အဲဒီတော့ ဒီအတုအယောင်ရွေးကောက်ပွဲပြီးလဲ တိုင်းပြည်ကတော့ ထူးပြီး တိုးတက်ပြောင်းလဲလာစရာ ဘာအကြောင်းမှမရှိပါဘူး။ ပြည်သူ့နွေဦးတော်လှန်ရေး အပြီးတိုင် အောင်မြင်မှသာလျှင် တိုင်းပြည်ရဲ့ တိုးတက်ပြောင်းလဲရေး လမ်းစပေါ် ခြေချနိုင်မှာဖြစ်တာကြောင်း အတုအယောင်ရွေးကောက်ပွဲကို ခြေစုံကန် … ပြည်သူ့တော်လှန်ရေးကို ဆက်လက်ထောက်ပို့ဝန်းရံကြဖို့ တိုက်တွန်းပြောကြားလိုက်ချင်ပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




