32 C
Yangon

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန်နှင့် NUG က ICC တရားရုံး၏ တရား စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ကြေညာချက်ကို ဦးကျော်မိုးထွန်း တင်ပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ICC တရားရုံး၏ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုများအတွက် တရား စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ကြေ ညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တင်ပြလိုက်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ အကြိမ် ၈၀ မြောက်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေး၏ “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် ကျူးလွန်လာမည့် ဆိုးရွားလှသည့် ရာဇဝတ်မှုများကို ကြိုတင်မျှော်လင့်ထားသည်နှင့်အညီ အရပ်သားပြည်သူများ၏ အသက်များ ကယ်တင်ရန်၊ ကာကွယ်ရန်၊ အကြမ်းဖက်စစ်တပ်၏ ထပ်မံရက်စက်မှုများကို တားဆီးနိုင်ရန်၊ ပြစ်မှုကျူးလွန်ခြင်းခံရသူများအတွက် တရားမျှတမှု ရရှိစေရန်နှင့် အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်ရန်တို့အတွက် မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများအပေါ် တရားရုံး၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့် ပုဒ်မ ၁၂ (၃) ကြေညာချက်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ မှတ်ပုံတင်အရာရှိထံ တင်ပြခဲ့ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး၏ တရားစွဲအရာရှိက အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင် အား ဖမ်းဝရမ်းထုတ်ရန် တရားရုံးသို့ လျှောက်ထားခဲ့မှုကြောင့် မြန်မာပြည်သူများအနေဖြင့် မျှော်လင့်ချက်များ ပြန်လည်မြင့်တက်လာခဲ့၊ တစ်နှစ်နီးပါး အချိန်ကြာမြင့် လာသည့်အချိန်အထိ တရားစွဲအရာရှိ၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ သိသာ ထင်ရှားသော တိုးတက်မှုများ မရှိသေးကြောင်း၊ ပြည်သူများ၏ စိတ်ပျက်မှုများမှာ ပို၍ ကြီးမားလာကာ တရားရုံး၏ အချိန်မီ ထိရောက်သော အရေးယူဆောင်ရွက်မှုများ လိုအပ်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြသည်။

ယခုအခါ အကြမ်းဖက်စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်၍ ၎င်းတို့၏ ကြီးလေးသော ရာဇဝတ်မှုများကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမှ ရှောင်လွှဲရန်၊ ၎င်းတို့၏ တရားမဝင် အာဏာသိမ်းမှုကို လှည့်ဖြားရန် ကြိုးပမ်းနေကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက ရက်စက်မှုများ ဆက်လက်ကျူးလွန်နေခြင်း၊ ထိရောက်သော နယ်မြေ ထိန်း ချုပ်နိုင်မှု မရှိခြင်း၊ နိုင်ငံခေါင်းဆောင်များကို ဥပဒေမဲ့ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် နှင့် စနစ်တကျ ကျူးလွန်လျက် ရှိခြင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ပျက်သုဉ်းနေခြင်း၊ ပြည်သူလူထု၏ သတင်း အချက်အလက် ရရှိနိုင်မှုအခွင့်အရေးကို ဆိုးဆိုးရွားရွား ကန့်သတ်ထားခြင်း၊ ပြည်သူများအပေါ် ခြိမ်းခြောက်မှုများ တိုးမြှင့်ခြင်း၊ ပြည်သူများအနေဖြင့် အမြဲတစေ ကြောက်ရွံ့မှုနှင့်ဒွန်တွဲ နေထိုင်ရလျက်ရှိခြင်း အစရှိသည့်အခြေအနေများအောက်တွင် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် ရွေးကောက်ပွဲသည် အတုအယောင်နှင့် လိမ်လည်မှုသာ ဖြစ်မည်ဖြစ်၊ ထိုသို့သော ရွေးကောက်ပွဲသည် မည်သည့်အခါမှ လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း သိရှိရသည်။

တရားမဝင်အာဏာသိမ်း စစ်အုပ်စုက စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချကြရန် တိုက် တွန်းပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့် အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင် အား ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်ချက်အား ချက်ချင်းချမှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဆင့်ရှိ ကြီးလေးသော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ အဆိုပါရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ ခိုင်မာသော သက်သေအထောက်အထားများနှင့် အချက်အလက်များကိုလည်း ကုလ သမဂ္ဂ၏ အစီရင်ခံစာအသီးသီးတွင်လည်း အတိအလင်း ဖော်ပြထားကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ (A/HRC/60/18) တွင် အကြမ်းဖက်စစ်တပ်သည် ချင်း၊ ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများ၌ အရပ် သားပြည်သူများအပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကလေးများအပါအဝင် အရပ်သား ထောင်ပေါင်းများစွာကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှုများ အပါအဝင် အရပ်သားပြည်သူများအပေါ် ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းကို ဖော်ပြထားရှိပါကြောင်း ၎င်းက တင်ပြသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီအရင်ခံစာတင်သွင်းသူ၏ နောက်ဆုံးတင်သွင်း ခဲ့သည့် အစီရင် ခံစာ (A/80/490) တွင်လည်း အကြမ်းဖက် စစ်အုပ်စု၏ ဆက်လက် ဖိနှိပ်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းများကို လက်နက်သဖွယ် အသုံးချရင်း အတုအယောင်ရွေးကောက်ပွဲများမှတစ်ဆင့် တရားဝင်မှုကို ဖန်တီးရန် ကြိုးပမ်းမှုများကို သံအမတ်ကြီးက ထပ်မံထောက်ပြထားသည်။

တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပြီးနောက် လေးနှစ်ကျော် ကာလအတွင်း အကြမ်းဖက် စစ်တပ်သည် အရပ်ဘက်၊ စစ်ဘက်ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုပေါင်း ၃,၇၄၄ ကြိမ် ပြုလုပ်ခဲ့ပြီး၊ လူပေါင်း ၄,၁၃၅ ဦး သေဆုံးခဲ့ကာ စာသင် ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် ဘာသာရေးအဆောက်အအုံပေါင်း တစ်ထောင်ကျော် အပါအဝင် ပုဂ္ဂလိကပိုင်ပစ္စည်း စုစုပေါင်း ၁၀၀,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊ အမျိုးသမီး၊ မိန်းခလေးငယ်များ နှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၄,၇၆၃ ဦး အသက်ဆုံးရှုံးခဲ့ရသည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၄၅၂) ကြိမ် ထိ ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီးက ဆက်လက်တင်ပြသည်။

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် သန်းနှင့်ချီသော ပြည်သူများသည် နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး၊ နေထိုင်ရာ အသိုက်အမြုံများ ပျက်စီးခဲ့ရပါကြောင်း၊ အဆိုပါ ဖြစ်ရပ်များသည် မြန်မာပြည်သူများအပေါ် ဖျက်ဆီးမှုများဖြင့် ကြောက်ရွံ့ကာ ဖိနှိပ်ချုပ်ကိုင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စု၏မူဝါဒပင် ဖြစ်ပါကြောင်း၊ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ခံစားနေရသော သန်းနှင့်ချီသည့် ပြည်သူများအတွက် တရားရုံး၏ အချိန်မှီ ထိရောက်သော အရေးယူဆောင်ရွက်မှုများသည် မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာပြည်သူများ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုကျူးလွန်ခြင်းကို ခံစားခဲ့ရသူများ၊ ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် တရားမျှတမှု ခံစားပိုင်ခွင့်ရှိပါကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သူများအနေဖြင့် ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန် ခံမှု ရှိရမည်ဖြစ်ကြောင်း၊ထို့အပြင် မြန်မာပြည်သူများအတွက် အချိန်သည် အမှန်တကယ်ပင် အရေးကြီးကြောင်း သံအမတ်ကြီးက နိုင်ငံတကာသို့ အသိပေးခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article