32 C
Yangon

မွန်ပြည်နယ်၊ မြို့နယ် ၇ ခုတွင် စစ်တပ်က ရွေးကောက်ပွဲ မတိုင်မီ ထိုးစစ် အရှိန်မြှင့်လာနိုင်၍ စစ်ဘေးရှောင်ပြည်သူများကို အကူ အညီပေးရေး မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီတို့‌ ပူးပေါင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် စစ်တပ်က ရွေးကောက်ပွဲမတိုင်မီ ထိုးစစ်အရှိန်မြှင့်လာနိုင် သောကြောင့် စစ်ဘေးရှောင်ပြည်သူ ကူညီပေးရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် မွန် ပြည်နယ် အတိုင်ပင်ခံကောင်စီတို့‌ ပူးပေါင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ ဥက္ကဌ နိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီတို့‌ တွေ့ဆုံခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကို အရေးယူတုံ့ပြန်နိုင်ရန် အရေးပေါ် ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကာ ပူးပေါင်းကူညီရေးစနစ်များကို အားဖြည့်ဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြကြောင်း သိရသည်။

“လောလောဆယ် ရွေးကောက်ပွဲ မတိုင်ခင် ထိုးစစ်တွေ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်၊ ရေးဘက်မှာ ထိုးလာနိုင်ချေရှိတယ်။ အဲဒီမှာ အရပ်သားတွေ ထိခိုက်နိုင်ပါတယ်။ လောလောဆယ် စာရင်းအရ စစ်ဘေးရှောင်တွေက သိပ်မများသေးဘူး။ စုစုပေါင်း ၂၀၀၀၀ လောက်ရှိမယ်။ ထိုးစစ် တွေအကြီးအကျယ်နဲ့ တပြိုင်တည်း လုပ်လာမယ်ဆိုရင် ၅၀၀၀၀ လောက်အထိ တိုးလာနိုင်တယ်။” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ဥက္ကဌ နိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ သဘောတူညီချက်အရ စစ်ဘေးရှောင်ပြည်သူများ (IDPs) ၏ အချက်အလက်များကို တိကျ စွာ စိစစ်မှတ်တမ်း တင်သွားမည်ဖြစ်ပြီး ဒုက္ခသည်မိသားစုများအား ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်း နေရာ ချထားရေး အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ အစားအစာ၊ ယာယီနေရာထိုင်ခင်းနှင့် ကျန်း မာရေးအထောက်အပံ့များကိုလည်း စနစ်တကျ ဖြန့်ဝေ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒေသခံအဖွဲ့များ၊ ရပ်ရွာကွန်ရက်များနှင့် ပူးပေါင်း၍ ကူညီတုံ့ပြန်ရေးယန္တရားများ ဖော် ဆောင်ခြင်း တို့ကို ပူးပေါင်း အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အာဆီယံ၊ နိုင်ငံတကာအဖွဲ့ အ စည်းများနှင့် တိုက်ရိုက်ချိတ်ဆက် လက်တွဲ၍ လူသားချင်းစာနာရေး အကူအညီများအား အမှန် တ ကယ် ထိခိုက် ခံစားနေရသူများထံ ရောက်ရှိနိုင်ရန်တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများမှတဆင့် ပိုမိုကူညီ ထောက်ပံ့ ပေးအပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။

ယင်းလုပ်ငန်းများကို လူသားဆန်မှု၊ ကြားနေမှု၊ ဘက်မလိုက်မှု၊ တာဝန်ခံမှု၊ ဒေသခံဦးဆောင်မှု စ သည့် အခြေခံမူများအပေါ် အခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကူအညီများကို လူထုဗဟိုပြု၊ ပွင့်လင်းမြင်သာ၊ ခွဲခြားမှုမရှိစွာ စီစဉ်သွားမည်ဖြစ်ကြောင်း ဆက်လက် အသိပေးထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ နှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီအနေဖြင့် လူသားတန်ဖိုးနှင့် လူမှု လုံခြုံရေး ကို ဦးစားပေးကာ မွန်ပြည်နယ် ပြည်သူတို့နှင့်အတူ အခိုင်အမာရပ်တည်လျက်ရှိပြီး လူသား ချင်းစာနာအကူအညီများကို လျင်မြန် ထိရောက်စွာ ပို့ဆောင်နိုင်ရန် ပြည်တွင်း၊ ပြည်ပ (အထူးသဖြင့် အာဆီယံဒေသအတွင်း) လူသားချင်းစာနာ ကူညီရေးအဖွဲ့များ၊ ရပ်ရွာအခြေပြုအဖွဲ့များနှင့် နိုင်ငံတ ကာ အသိုင်းအဝိုင်း၏ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်ပါကြောင်း ထုတ်ပြန်ထားသည်။

“နိုင်ငံတကာအကူညီအညီတွေက နယ်စပ်ကိုဖြတ်ကျော်ပြီး ဝင်လာတွေရှိတယ်။ ဒါပေမယ့် နိုင်ငံ တကာ အကူအညီတွေလျော့နည်းသွားတယ်။ ASEAN AHA Center က အကူအညီတွေ မရဘူး။ ဒါ့ကြောင့် ASEAN တောင်းဆိုချင်တာက ပဋိပက္ခဒေသမှာ အကူအညီတွေပေးရေး ဖြစ်ပါတယ်” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ဥက္ကဌ နိုင်မွန်စိုင်းက ပြောဆိုသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများကို အကြမ်းဖက်စစ် တပ်က ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် မတည်ငြိမ်မှု၊ အကြမ်းဖက်မှုနှင့် အိုးအိမ်မဲ့ထွက်ပြေး မှုများ ကြီးမားစွာ ကြုံတွေ့လျက်ရှိပြီး ထောင်ပေါင်းများစွာသော ပြည်သူများ စစ်ဘေးဒုက္ခဒဏ် ခံစားနေရကြောင်း အသိပေးထားသည်။

လက်ရှိတွင် စစ်အာဏာရှင်က ၎င်းတို့ စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲအတွက် ရည် ရွယ်ချက်ထားပြီး မွန်ပြည်နယ် ၁၀ မြို့နယ်ထဲမှ ၇ မြို့နယ်တွင် အပြစ်မဲ့ပြည်သူများကို ရက်စက် ကြမ်းကြုတ်ပြီး သေကြေပျက်စီးစေသည့် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေခြင်းကြောင့် လာမည့်လများအတွင်း တိုင်းရင်းသား ပြည်သူအများအပြား အိုးအိမ်မဲ့ ထပ်မံဖြစ်ပေါ်လာနိုင်သည့် အရေးပေါ်အခြေအနေကို ညွှန်ပြနေကြောင်း ပြောဆိုထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့သည် မွန် ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသော အရပ်သားပြည်သူများ၏ အသက်လုံ ခြုံရေး၊ ဘေးကင်းရေးနှင့် လူသားချင်းစာနာအကူအညီများကို ပူးပေါင်းကူညီပံ့ပိုးကာကွယ်ရန် အတူ တကွ ကတိကဝတ်ပြုကြောင်း ပြောဆိုထားသည်။

ဓာတ်ပုံ – တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် ထွက်ပြေးတိမ်ရှောင်နေရသော စစ်ဘေးရှောင် ပြည်သူများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် ထွက်ပြေးတိမ်ရှောင်နေရသော စစ်ဘေးရှောင် ပြည်သူများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article