မကွေးတိုင်း၊ စလင်းမြို့ပေါ်၊ ရွှေပွင့်ဖြူကားဂိတ်တွင် မန္တလေးမြို့သို့ သွားရောက်မည့် ခရီးသွားလူငယ် ၆ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ စလင်းမြို့ပေါ်ရှိ ရွှေပွင့်ဖြူကားဂိတ်တွင် မန္တလေးမြို့သို့ သွားရောက် လူငယ် ၆ ဦးကို အကြမ်းဖက် စစ်သားများက စောင့်ကြည့်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၆ ဦးမှာ အသက် ၂၅ နှစ် မှ အသက် ၃၅ နှစ် ဝန်းကျင်ရှိသူများဖြစ်ကြောင်း၊ ထိုလူငယ်များသည် စလင်းမြို့နယ်ရှိ ကျေးရွာများတွင်နေထိုင်သူများဖြစ်ပြီး မန္တလေးမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်မည့် သူများဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို အကြမ်းဖက် စစ်တပ်က စလင်းမြို့ပေါ်ရှိ ခလရ ၂၅၄ တပ်ရင်းထဲသို့ ခေါ်ဆောင်ထားကြောင်း၊ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။
“စစ်ခွေးတွေ ပေါ်တာဆွဲတဲ့ လူငယ် ၆ ဦးက မန္တလေးဘက်ကို ထွက်မဲ့ကားပေါ်ကို လိုက်ပါ့မယ် သူတွေပါ။ မန္တလေးကို မထွက်ခင်မှာပဲ ရွှေပွင့်ဖြူကားဂိတ်မှာ စစ်ခွေးတွေ ပေါ်တာဆွဲတာကိုခံရတာပါ။ လူငယ် ၆ ဦးကတော့ စလင်းမြို့နယ်ထဲက ကျေးရွာက လူငယ် ၆ ဦးပါ။ အသက်အရွယ်ကတော့ ခန့်မှန်းခြေ အသက် ၂၅ နှစ်အရွယ်ကနေ အသက် ၄၀ နှစ်အတွင်းရှိတယ်လို့ ကြားရတယ်။ လက်ရှိမှာ စစ်ခွေးတွေက လူငယ် ၆ ဦးကို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာမျိုးတော့ အဲလိုတော့ မသိရသေးဘူး။ လက်ရှိမှာ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ လူငယ် ၆ ဦးကို ၂၅၄ တပ်ရင်းထဲ ခေါ်ဆောင်သွားတယ်လို့ သိရတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း စလင်းမြို့နယ်နှင့် ဆင်ဖြုကျွန်းမြို့နယ်ရှိ ကျေးရွာများမှ ကျောင်းသား လူငယ် ၄ ဦးကို စလင်း – ဆင်ဖြူကျွန်းလမ်းပိုင်းရှိ စစ်ဆေးဂိတ်တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားခဲ့ ကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးခံရသော ကျောင်းသား လူငယ် ၄ ဦးအနက် ကျောင်းသား ၃ ဦးမှာ စလင်းမြို့နယ် တောစိမ့်ကျေးရွာမှဖြစ်ကြောင်း၊ ကျန်ကျောင်းသား ၁ ဦးမှာမူ ဆင်ဖြူကျွန်းမြို့နယ်မှဖြစ်ကြောင်း၊ ကျောင်းသား လူငယ် ၄ ဦးစလုံးမှာ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသားများဖြစ်ပြီး စစ်မှုထမ်းသင်တန်းကျောင်းသို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်တပ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသော လူငယ်များကို စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။ )
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




