ရန်ကုန်၊ နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်ကျားဖြန့်မြို့သစ်မှ ထွက်ပြေးလာသော နိုင်ငံခြားသား ၃၆ ဦးကို ယနေ့နံနက်ပိုင်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်ဘက်မှ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်အခြမ်း ဝမ်ဖကျေးရွာသို့ ရောက်ရှိလာသော နိုင်ငံခြားသား ၃၆ ဦး ဖမ်းဆီးရရှိကြောင်း၊ နိုင်ငံခြားသားများတွင် တရုတ်၊ပါကစ္စတန်၊အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံသားများဖြစ်ကြောင်း သိရှိရသည်။
” ရွှေကုက္ကိုဘက်က နေ ထိုင်းရွာ ဘက်ကို ကူးလာတဲ့ နိုင်ငံခြားသား ၃၆ ဦး ဖမ်းမိတယ်။ ဗီယက်နမ် ၃ ဦး၊ ကာဇက်စတန် ၁ ဦး ၊နီပေါ ၂ ဦး
ရဝမ်ဒါ ၁ ဦး၊ ဆူဒန် ၁ ဦး၊ ကင်ညာ ၁၃ ဦး၊ အီဂျစ် ၁ ဦး၊ ပါကစ္စတန် ၁၁ ဦး၊ အိန္ဒိယ ၂ ဦးနဲ့ တရုတ်နိုင်ငံသားတွေလည်း ပါတယ်။ ထိုင်းဘက်က ဖမ်းထားတယ်” ဟု နယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ရွှေကုက္ကိုလ်မှ ထွက်ပြေးလာသော ကျားဖြန့် နိုင်ငံခြားသားများ မြ၀တီမြို့ပေါ်တွင်လည်း ပြည့်နှက်နေပြီး ဟိုတယ်နှင့်တည်းခိုခန်းများလည်း ပြည့်နေကြောင်း၊ ရွှေကုက္ကိုလ်မှ မြ၀တီမြို့သို့ ကားငှားလျှင်ပင် ကားငှားရမ်းခ လူ ၁ ဦးလျှင် ထိုင်းဘတ် ၁၀၀၀၀ ကျော် စျေးပေါက်နေကြောင်း သိရှိရသည်။
“အရေးကြီးတဲ့ ထိပ်ပိုင်းတရုတ်သူဌေးတွေ၊ ကျားဖြန့်တွေကိုတော့ BGF တွေက သူတို့ ဌာနချုပ်တွေနဲ့ ရွာတွေကို ခေါ်ထားတယ်။ အခု ကျန်နေတာက ရိုးရိုးကျားဖြန့် အလုပ်သမားတွေ။ ခေါင်တွေက BGF က ခေါ်ထုတ်သွားပြီ။ အခု ရေမျောကမ်းတင်ဖြစ်နေတာက သာမန် နိုင်ငံခြားသားတွေဖြစ်နေတာ။ ကားခတွေလည်း စျေးတက်တယ်။ အိမ်ငှားခနဲ့ ဟိုတယ်ခတွေလည်း စျေးတွေ တက်နေတယ်။ မြ၀တီမြို့ပေါ်မှာလည်း ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အပြည့်ပဲ။ တချို့ ကျားဖြန့်တွေက ကျောက်ခတ်တို့ ဘာတို့လို နေရာတွေ ပြေးကြတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ကျားဖြန့် လုပ်ငန်းများတွင် နယ်ခြားစောင့်တပ်များနှင့် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပါဝင်ပတ်သက်နေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







