စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်း ယဉ်ကျေးရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများ ယာယီ ခိုလှုံနေသည့်နေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၃ မိနစ်ခန့်အချိန် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသော ဂျိုင်ရိုကော်ပတာ(Gyro Copters) ၃ စီးဖြင့် ဒီပဲယင်းမြို့နယ်၊အရှေ့ခြမ်း ယဉ်ကျေးရွာအနီး စစ်ဘေးရှောင်ပြည်သူများ ယာယီ ခိုလှုံရာနေရာကို ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
“ပြည်သူ ၂ ဦးထိခိုက်ထားတယ်ဆိုတာပဲ သိရသေးတယ်။ ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း ပျက်နေတာကြောင့်ပါ။ ဘာတိုက်ပွဲမှမရှိသလို၊ လှုပ်ရှားမှုတွေလည်းမရှိပါဘူး။ စစ်ခွေးတွေက တမင် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အခုထိ မြေပြင်ဆင်းတဲ့အဖွဲ့တွေနဲ့ဆက်သွယ်မရသေးဘူး။ ဆက်သွယ်နေဆဲပါ။ အမျိုးသား ၁ ဦးက ဒဏ်ရာပြင်းထန်ပါတယ်။ နောက် တစ်ဦးက လက်ထိထားတယ်။ ရွှေဘိုနယ်က စစ်ဘေးရှောင်တွေပါ “ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ် ၏ အချိန်မရွေး ပစ်ခတ်တိုက်ခိုက်လာနိုင်သည့် လေကြောင်းအန္တရာယ်အား အထူးသတိပြုနေထိုင်ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အသိးပေးနှိုးဆော်ထားသည်။ အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ ဗုဒ္ဓမ်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျေးရွာ ၂ ရွာ ကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အထက် တန်းကျောင်းသူ ၁ ဦးအပါအဝင်အမျိုးသမီး ၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA က နိုဝင်ဘာ ၁၈ ရက်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီခန့် အချိန် အကြမ်းဖက်စစ်တပ်က ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်အတွင်းရှိ အလယ်ရွာသစ်ကျေးရွာ နှင့် တောင်ငူကျေးရွာအား လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အလယ်ရွာသစ်ကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောင်ငူကျေးရွာရှိ အထက်တန်းကျောင်းသူအရွယ် အမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း၊ အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးတို့မှာလည်း ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အလယ်ရွာသစ်ကျေးရွာရှိ အခြေခံမူလတန်း စာသင်ကျောင်း ၁ ကျောင်း၊ တောင်ငူကျေးရွာရှိ အခြေခံပညာ အလယ်တန်း စာသင်ကျောင်း ၁ ကျောင်းနှင့် အရပ်သား လူနေအိမ် ၁ လုံးတို့မှာလည်း ဗုံးထိမှန်ကျရောက်ပေါက်ကွဲမှု ကြောင့် ပျက်စီးသွားကြောင်း သိရသည်။
ထို့အတူ အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေးကျေးရွာ၊ မင်းရပ်တိုက်နယ်အတွင်းရှိ မင်းရပ်ရွာ၊ သံချောင်းရွာနှင့် လိပ်တင်ကျေးရွာများကိုလည်း နိုဝင်ဘာလ ၁၇ ရက်နေ့ တစ်ရက်တည်းတွင်ပင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက်တပ် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် လေကြောင်းရန် ပိုမိုသတိထားကြပါရန် အရက္ခတပ်တော် AA ထပ်မံသတိပေးထားသည်။
ဓာတ်ပုံ – ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သား ပြည်သူ ၁ ဦး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





