မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်နှင့် စစ်မှုထမ်းသင်တန်းကျောင်းများတွင် ကြိုတင်မဲများ ပေးခိုင်းနေပြီး ကြံ့ဖွတ်ပါတီကိုသာ မဲထည့်ရမည်ဟု အမိန့်ထုတ်ထားကြောင်း စစ်တပ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်(DSA) နှင့် တပ်မတော်နည်းပညာတက္ကသိုလ်(DSTA ) တို့တွင် ဗိုလ်လောင်းသင်တန်းတက်ရောက်နေသော စစ်အရာရှိလောင်းများကို ကြိုတင်မဲပေးရမည်ဟု သက်ဆိုင်ရာ ကျောင်းအုပ် စစ်အရာရှိများက အမိန့်ပေးလာကြောင်း၊ ကြိုတင်မဲထည့်ရာတွင်လည်း မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြစ်သော စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအမြင်ရှိပြီး တိုင်းပြည် တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ကောင်းမွန်အောင် ဆောင်ရွက်နိုင်သော ကြံ့ဖွတ်ပါတီကိုယ်စားလှယ်များကိုသာ မဲပေးရမည်ဟု ပြောဆိုညွှန်ကြားကြောင်း သိရှိရသည်။
“စစ်တက္ကသိုလ်နဲ့ တပ်မတော်နည်းပညာတက္ကသိုလ် တက်နေတဲ့ ဗိုလ်လောင်းအရာရှိတွေ အားလုံး ကြိုတင်မဲ ထည့်ခိုင်းတယ်။ ပြည်ခိုင်ဖြိုးကိုပဲ ပေးရမယ်။ အခြားဘယ်ပါတီကိုမှ ပေးလို့မရဘူး။ နိုင်ငံကောင်းအောင် လုပ်ပေးနိုင်တာက တပ်မတော်နဲ့အတူ အလုပ်လုပ်နိုင်တဲ့ ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်ရမယ်လို့ ပြောတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ပြင်ဦးလွင်တွင် ဒုဗိုလ်ချုပ်ကြီးဟောင်း မြထွန်းဦး က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းအဖြစ် ဦးဆောင် ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဗိုလ်လောင်းအရာရှိများအနေဖြင့် ကြံ့ဖွတ်ပါတီမှ မြထွန်းဦး အပါအဝင် ကြံ့ဖွတ် အမတ်လောင်းများကိုသာ မဲပေးရမည်ဟု သိရှိရသည်။
အလားတူ နိုင်ငံတစ်ဝန်းရှိ စစ်တပ်နှင့်ပတ်သက်သော တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ စစ်မှုထမ်သင်တန်းကျောင်းများတွင်လည်း ကြိုတင်မဲပေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး အဓိအားဖြင့် ကြံ့ဖွတ်ပါတီကိုသာ မဲထည့်ရန် စစ်ရုံးက ညွှန်ကြားချက်ပေးထားကြောင်း၊ ကြိုတင်မဲများကို မဲပေးစက်ဖြင့် မဟုတ်ဘဲ မဲလက်မှတ်ဖြင့်သာ မဲပေးရမည်ဟု စစ်တပ်က အသိပေးလာကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




