31 C
Yangon

ခင်ဦးတွင် စစ်တပ်က ပစ်ခတ်မှုများ လုပ်ဆောင်ပြီး စစ်ကြောင်းထိုးလာသဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိကာ သောင်းနှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်ရန် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ပစ်ခတ်မှုများဖြင့် စစ်ကြောင်းထိုးလာသဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိကာ သောင်းနှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်ရန် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ စစ်တပ်က ခင်ဦး-ကန့်ဘလူ- ရေဦး အစပ်မှတစ်ဆင့် ခင်ဦးမြို့နယ်အတွင်းသို့ ဝင်ရောက်လာကြောင်း၊ စစ်ကြောင်းထိုးရာတွင် ပထမဦးစွာ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ပြီးမှ ဝင်ရောက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိထားကြောင်း သိရှိရသည်။

“ရေဦးနယ် ပင်စိမ်းကင်းရွာကနေ တစ်ဆင့် ခင်ဦးနယ် မုံလှစံပြကျေးရွာဆီကို စစ်ကြောင်းတွေ ရောက်လာတယ်။ ပြည်သူတွေကတော့ သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်။ စစ်ရှောင် တွေ ထွက် ပြေး နေတဲ့အချိန် မနေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်မှာ အင်းပတ်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရှင်းပြသည်။

ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် ရေဦးမြို့ပေါ် ဆည်မြောင်း ရုံးစခန်းအတွင်း အထိုင်ချထားသော စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

” လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကိုထွန်းထွန်း အသက် ၄၇ နှစ်၊ ကိုကျော်ကိုကိုဦး အသက် ၃၈ နှစ်။ မောင်ထက်မြက်အောင် အသက် ၁၄ နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဆေးကုသပေးနေပါတယ်” ခင်ဦးမြို့နယ် ပကဖအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

စစ်တပ်က စစ်ကြောင်းထိုးလာမှုကြောင့် ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်ရှိ ကျောက်တိုင်၊ကျီစု၊ဝက်တိုး၊အိုင်ပေါင်းချောင်၊ယင်းတိုက်၊ငါးရုံကြီး၊ရှားတော၊မုံလှ၊သာဝတ္ထိ၊မြင်းကျ၊သရက်ကုန်း၊ကျွန်းတောကြီး၊ကျွန်းတောလေး(ဥယျာဉ်)စသည့် ကျေးရွာပေါင်းများစွာ ပြည်သူ သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article