စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စျေး အပါအဝင် မင်္ဂလာဆောင်ပါမချန် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း မြို့ပေါ်မှ လူငယ်များနှင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းရွှေဘိုမြို့ပေါ်တွင် ပြုလုပ်နေသော မင်္ဂလာဆောင်တစ်ခုအတွင်းသို့ အကြမ်းဖက်စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲမှုများ လုပ်ဆောင်ခဲ့ရာ သတို့သား ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း မင်္ဂလာဆောင်ကူသူ လူငယ်များ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း၊ မင်္ဂလာပွဲမှာ ပျက်သွားကြောင်း သိရှိရသည်။
“ဒီနေ့ နံနက်မှာ ဘူတာအနီး မင်္ဂလာဆောင်ကို စုဆောင်းရေး ဝင်ဆွဲတာ သတို့သား ထွက်ပြေးနိုင်လိုက်ပေမယ့် မင်္ဂလာဆောင်ကူတဲ့ လူငယ်တွေ အဖမ်းခံလိုက်ရတယ်။ ရွှေဘိုမြို့ပေါ်မှာ စကစက နေ့တိုင်း ပေါ်တာဆွဲနေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည့် နံနက်ခင်းနှင့် နေ့လယ်ခင်းအချိန်များတွင်ပါ လက်ဖက်ရည်ဆိုင်၊ ဈေးကြီး၊ ပွဲစားဝိုင်းများပါ မချန် ဝင်ရောက် ပေါ်တာဆွဲနေ၍ လူငယ် လူရွယ်များအပြင် အသက် ၄၀ ကျော် သက်လတ်ပိုင်းများပါ ရှောင်တိမ်းနေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ရွှေဘိုမြို့ပေါ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများလုပ်ဆောင်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကျော်နိုင်က ရွှေဘိုခရိုင်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးသန့်ဇော်လင်း၏ ညွှန်ကြားချက်ဖြင့် အထောက်အကူပြုပေးနေကြောင်း၊ ပေါ်တာဆွဲ ဖမ်းဆီးရရှိသူများကို မြို့နယ် ထွေ/အုပ်ရုံးတွင် ယာယီ ထိန်းသိမ်းပြီးနောက် သက်ဆိုင်ရာ စစ်မှုထမ်းစုဆောင်းရေးတပ်များနှင့် သင်တန်းကျောင်းများသို့ ပို့ဆောင်ကြောင်း၊ ငွေကြေး တတ်နိုင်သူများကို မြို့နယ်ထွေ/အုပ်ရုံးတွင် ပြန်လည် ရွေးခိုင်းပြီး လွှတ်ပေးခြင်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျော်နိုင်က လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
“ရွှေဘိုမြို့ပေါ်မှာ အခုလို ၀ရုန်းသုန်းကား ဖြစ်နေတာက ထွေ/အုပ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နဲ့ တပ်က ဗိုလ်မှူးလက်ချက်ပါပဲ။ သူတို့က ခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး သန့်ဇော်လင်းရဲ့ ညွှန်ကြားချက်နဲ့ ပေါ်တာဆွဲတယ်။ ငွေညှစ်တယ်။ ငွေနဲ့လာမရွေးရင် စစ်မှုထမ်းအဖြစ် ပို့ဆောင်တယ်။ တကယ့်ကို ၀ရုန်းသုန်းကားဖြစ်နေတာ။ မြို့ပေါ်လို နေရာမှာတောင်မှ အဲဒီလိုဖြစ်နေတာပါ” ဟု ရွှေဘိုမြို့ခံ ပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် ရွှေဘိုမြို့ပေါ်တွင် ရွေးကောက်ပွဲ အတွက် လုံခြုံရေး တင်းကျပ်သည်ဟုဆိုကာ မြို့အဝင်အထွက်ဂိတ်များတွင် စစ်တပ်က ပြည်သူများကို စစ်ဆေးဖမ်းဆီးငွေညှစ်မှုများကိုလည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




