ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ခိုက်ခဲ့ကြောင်း မိုးညှင်းမြို့နယ် ဒေသပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန် နန်းမားမြို့၊ မြို့မရပ်ကွက်ရှိ နယ်မြေရဲစခန်းကို KIA၊KPDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ နာရီနီးပါး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်ု၊ နန်းမား နယ်မြေရဲစခန်းမှာ ဒေသခံရဲများ အပြင် အကြမ်းဖက်စစ်တပ်နှင့် SNA ပူးပေါင်းတပ်များ အထိုင်စခန်းချထားသည့် နေရာဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း မိုးညှင်းဒေသခံများကပြောသည်။
“မနက် ၇ နာရီလောက်မှာ တိုက်ပွဲဖြစ်ကြတာ။ ရဲစခန်းထဲမှာရှိတဲ့ စစ်သားနဲ့ရဲတွေ ထိခိုက်တာများတယ်။ အခုတော့ ရဲစခန်းပတ်ဝန်းကျင်တစ်ခုလုံးကို အင်အားထပ်ဖြည့်ထားတယ်။ ပြည်သူတွေကတော့ အကုန်ရှောင်နေရတယ်” ဟု နန်းမာမြို့မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။
ယင်းသို့ တိုက်ပွဲဖြစ်ပြီးနောက် ရဲစခန်းအနီးတဝိုက်မှ ဒေသပြည်သူများမှာ မန္တလေး-မြစ်ကြီးနား ရထားသံလမ်း အနောက်ဘက်ခြမ်းသို့ စစ်ဘေးရှောင်လာကြပြီး မိုးညှင်းမြို့ နှင့် မြစ်ကြီးနားမြို့သို့လည်း စစ်ဘေးရှောင်နေကြသူများ လည်း ရှိကြောင်း ၊ နန်းမား-ဟိုပင် အင်းတော်ကြီးတဝိုက်တွင် စစ်တပ်၊ လက်အောက်ခံ SNA ရှမ်းနီပူးပေါင်းတပ်များနှင့် KIA ၊PDF ပူးပေါင်းတပ်များ အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိ စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်များက အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်း နန်းမား၊ နန့်မွန်း၊ လုံးတုံ၊ မိုင်းနောင်၊ မမုံကိုင် စသည့်ကျေးရွာများ ကိုထိန်းချုပ်ထားပြီးအင်းတော်ကြီးကန် အနောက်ဘက်ခြမ်း ဝှေလုံ၊ ချောင်းဝ၊ ညောင်ပင် စသည့်ကျေးရွာများ ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရသည်။
ဓာတ်ပုံ – နန်းမားနယ်မြေရဲစခန်းမှ ရဲတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




