ရန်ကုန်၊ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးထားပြီး ကျေးရွာ ၂ ရွာကို စစ်ကြောင်းထိုး မီးရှို့ကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ကျေးရွာများကို စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Wetlet Informational Network မှ တာဝန်ခံကို မုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်း ၃ ကြောင်းခွဲ၍ ကျေးရွာများကို ဝင်ရောက် စီးနင်းနေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ကြောင်းသည် ရွှေဘို-မန္တလေး လမ်းပိုင်း ဘုရားပြန်ရွာ တောင်ဘက်ရှိ ရွှေကိုယ်တော် သက်ရက်ခြံ၊ သရက်ကြီးရွာ နှင့် တကောင်းဒေါင့်ရွာ တို့တွင် ရောက်ရှိနေကြောင်း သိရှိရသည်။
ထို့ပြင် သရက်ကြီးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယမန်နေ့ ညနေပိုင်းတွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဘုရားပြန်ရွာကို ထပ်မံ ဝင်ရောက် စီးနင်ပြီး နေအိမ်များနှင့် ဈေးဆိုင်များကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းရှိနေသောကြောင့် နေအိမ်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ၎င်းတို့ စစ်ကြောင်းထိုးချိန်မှ စတင်၍ လက်ရှိချိန်ထိ စစ်ကြောင်းထိုးရာ လမ်းတလျောက် ပြည်သူများကို လိုက်လံ ဖမ်းဆီးရာ ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံထားရပြီး ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက ရွာသာကြီးရွာကနေမှ မနက်ခင်းက ထွက်လာပြီးတော့မှ သရက်ကြီးရွာထဲကို စစ်ခွေးစစ်ကြောင်းက ရောက်ပြီးတော့မှ ပြည်သူပိုင် နေအိမ်တချို့ကို ထပ်မံမီးရှို့တယ်။ အခုအဲစစ်ကြောင်းက ခန့်မှန်းအင်အား ၂၅၀ ရှိတယ်။ စစ်ကြောင်း ၃ ကြောင်းနဲ့ ထွက်တာလို့ သိရတယ်။ လှတောကထွက်သွားတဲ့ စစ်ခွေး စစ်ကြောင်းကတော့ စိုင်နိုင်လေးဘက်ကမှာ ရောက်နေတယ်။ သူတို့ကတော့ ထပ်တော့မထိုးဘူး အခုတိုးလာတာ ရွာသာကြီးဘက်က စစ်ခွေးတွေပါ။ အဲစစ်ခွေးစစ်ကြောင်းက လမ်းတလျောက်ပြည်သူတွေကို လိုက်လံဖမ်းဆီးတာ ပြည်သူ ၅၀ ကျော်လောက်လည်း ဖမ်းဆီးခံထားရတယ်။ ဒီနေ့လည်း စစ်ခွေးတွေ ဘုရားပြန်ရွာကို ထပ်ပြီး မီးရှို့နေတယ်” ဟု Wetlet Informational Network မှ တာဝန်ခံကို မုန်တိုင်းက ပြောဆိုသည်။
ယင်း စစ်တပ် စစ်ကြောင်းကြောင့် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကိုကို့စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






