ရန်ကုန်၊ နိုဝင်ဘာ ၂၀
ရန်ကုန်၊ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိန်နှင့်အဖွဲ့က လူငယ်များကို ဖမ်းဆီးပြီး ၁ ဦးလျှင် ၂၈ သိန်းဖြင့် ငွေညှစ် ရွေးခိုင်းနေကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်အုပ်ချုပ်ရေးမှူးကျော်စိန်နှင့် ရာအိမ်မှူး မိုးကြီးအဖွဲ့က ဒေါပုံမြို့နယ်အတွင်း ကားဂိတ်များ၊ လမ်းများတွင် အသက် ၁၈ နှစ်မှ အသက်၃၅ နှစ်အတွင်း လူငယ်များကို လိုက်လံ ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရရှိသော လူငယ်များကို ရပ်ကွက်ရုံးတွင် ယာယီ ခေါ်ထားပြီး မိဘဆွေမျိုးများထံသို့ ဖုန်းဆက်ခိုင်းကာ ငွေဖြင့် လာရွေးခိုင်းကြောင်း၊ သာကေတမြို့နယ် အမှတ် ၈ ရပ်ကွက်မှ လူငယ် ၁ ဦးမှာ နိုဝင်ဘာလ ၁၆ ရက်နေ့ အပြင်ထွက်စဉ် အုပ်ချုပ်ရေးမှူး ကျော်စိန်နှင့်အဖွဲ့၏ ဖမ်းဆီး မှု ခံလိုက်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ သာကေတမြို့နယ်၊ ရှုခင်းသာလမ်း၊ စံ လက်ဖက်ရည်ဆိုင်တွင် ငွေကျပ် ၂၈ သိန်းဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။
“အခုက စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး လူပြန်ပေးဆွဲသလို လုပ်နေတာ။လူငယ်တွေကို ဖမ်းတယ်။ ပြန်ရွေးခိုင်းတယ်။ မရွေးနိုင်တဲ့ လူငယ်တွေကို စစ်မှုထမ်းလိုနေတဲ့အခြားရပ်ကွက် တွေကို လက်လွှဲရောင်းတယ်။ ရလာတဲ့ ပိုက်ဆံကို ရဲ၊ ထွေ/အုပ် အကုန် ဝေစားမျှစားလုပ်တော့ တိုင်ပေမယ့်လည်း အရေးယူမယ့်သူကမရှိဖြစ်နေတယ်။ မြို့နယ်နဲ့ ရဲကလည်း စစ်မှုထမ်းလိုအပ်ချက်ရှိတာရော၊ သူတို့ ဝေစုရနေတာရောကြောင့် အုပ်ကြီးတွေကို လူဖမ်းငွေရှာနေတာကို အကာအကွယ်ပေးထားတော့ ပိုပြီးတော့ လုပ်ရဲ ကိုင်ရဲ ပိုပြီး အတင့်ရဲလာတာ။ ဖမ်းတဲ့ လူငယ်တွေကို ရိုးရိုးဖမ်းတာမဟုတ်ဘူး။ ရိုက်နှက်ပြီး ဆွဲခေါ် ဖမ်းတာမျိုးလုပ်နေကြတာ” ဟု ဒေါပုံမြို့နယ်မှ ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိတ်ဆွေက ရှင်းပြသည်။
အလားတူ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စုတွင်လည်း အုပ်ချုပ်ရေးမှူး အောင်ထွဋ်က ကျေးရွာနေ ပြည်သူများထံမှ စစ်မှုထမ်းကြေး လစဉ် တောင်းခံသည့်အပြင် ကျေးရွာအတွင်းမှ လူငယ်များကိုပါ ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန် လှည်းကူးကျေးရွာအုပ်စုတွင် ပါဝင်သော ရတနာစု ကျေးရွာမှ ကိုဖိုးဇော်၏ သားသမက်ဖြစ်သူကိုလည်းကောင်း၊ ရေကြည်ကျေးရွာမှ ကိုဖိုးစိုး ၏ သားအငယ်လေး နှင့် ကိုပြုံးချို တို့ကိုလည်းကောင်း စစ်တပ်နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ထွဋ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“စစ်မှုထမ်းကြေးလည်းကောက်တယ်။ လူငယ်တွေကို ထည်း မထင်ရင် မထင်သလို ဝင်ဖမ်းပြီး စစ်မှုထမ်း စုဆောင်းတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ဖမ်းဆီးခံရတဲ့ လူငယ် ၃ ဦးက တော့ ပြန်မလွတ်တော့ဘူး။ စစ်သင်တန်းကျောင်းအပို့ခံလိုက်ရပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခု နိုဝင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၁၉ စတင်ဖွင့်လှစ်လျက်ရှိပြီး အဆိုပါသင်တန်းသို့ နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်အများအပြား ပို့ဆောင်ခံရကြောင်း ဖမ်းဆီးခံလူငယ်များ၏ဆွေမျိုးမိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဓာတ်ပုံ – စစ်မှုထမ်းများကို ဖမ်းဆီးနေသော ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိန်နှင့် မင်းလှမြို့နယ်၊ လှည်းကူးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ထွဋ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





