ရန်ကုန်၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းမြို့တွင် ကြံ့ဖွတ်ပါတီမှ စစ်ဗိုလ်ချုပ်ဟောင်း သက်ပုံ မဲဆွယ်ပွဲအတွက် ပြည့်စုံကြီးပွားဂျက်ဖာပုံးစက်ရုံမှ ဝန်ထမ်းများကို ဆင့်ခေါ်ပြီး ပြည်သူများ တက်ရောက်သည်ဟု လိမ်လည် ဝါဒဖြန့်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကြံ့ဖွတ်ပါတီက စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သက်ပုံက ပတ္တမြားရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ သောတာပန်ရပ်ကွက်များရှိ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့သည်ဟု လူမှုကွန်ရက်ပလက်ဖောင်းများတွင် ဗီဒီယိုနှင့်ဓာတ်ပုံများ တင်ပြလာကြောင်း၊ အဆိုပါ ဓာတ်ပုံများမှာ စစ့်ကိုင်းမြို့မှ ပြည်သူများမဟုတ်ဘဲ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ပြည့်စုံကြီးပွား ဂျပ်ပုံးစက်ရုံမှ ဝန်ထမ်းများကို တွေ့ဆုံပြီး ပြည်သူများနှင့်တွေ့ဆုံသည်ဟု မဟုတ်မမှန် လိမ်လည်ဝါဒဖြန့် ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
” ဦးသက်ပုံက စစ်ကိုင်းမြို့ ပြည်သူတွေကို မဲဆွယ်စည်းရုံးမှု တွေ့ဆုံတယ်ဆိုပြီး ဗီဒီယိုတွေတင်နေတယ်။ တကယ်က သူပြောနေတဲ့ ပတ္တမြားရပ်ကွက်က မဲဆန္ဒရှင်ပြည်သူတွေ မဟုတ်ပါဘူး။ ပြည်သူတွေဆိုတာ အလိမ်အညာပါ။ စစ်ကိုင်းမြို့ ရွှေမင်းဝံ ရပ်ကွက် မှ ပြည့်စုံကြီးပွား ဂျပ်ပုံးစက်ရုံမှ ဝန်ထမ်းနဲ့ တွေ့တာကို စစ်ကိုင်းမြို့ ပြည်သူတွေနဲ့ တွေ့တယ်ဆိုပြီး သူက လုပ်တာပါ။ ဂျင်းထည့်တာပေါ့ဗျာ။ စက်ရုံဝန်ထမ်းတွေကို ဖိအားပေးပြီး ကြံ့ဖွတ်ယူနီဖောင်းဝတ်ခိုင်းတယ်။ ပြီးတော့ သက်ပုံကို ကြိုခိုင်းတယ်။ စက်ရုံဝန်ထမ်းတွေကလည်း စက်ရုံရဲ့ ဖိအားကြောင့် ကြိုဆိုရတယ်။ ကြံ့ဖွတ် ဝတ်စုံတွေ ဝတ်ရတာပါ”ဟု သက်ပုံ၏ မဲဆွယ်စည်းရုံးပွဲ တက်ရောက်ခဲ့သူ စက်ရုံဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းမြို့တွင် ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲများသို့ ပြည်သူများကို လာရောက် ဖိတ်ခေါ်သော်လည်း မည်သည့် ပြည်သူကမှ လာရောက် ကြခြင်းမရှိ၍ စက်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို ဆင့်ခေါ်ပြီး ပြည်သူများဟု လိမ်လည် ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၉ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံသည် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွတ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




