31 C
Yangon

ပွင့်ဖြူနှင့် စကုမြို့နယ်တို့တွင် စစ်တပ်က လူငယ် ၁၃ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၅၀ ဖြင့် ပြန်ရွေးခိုင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် စကုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၁၃ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၅၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ပြည်သူ့ ညီ နောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပွင့်ဖြူ​မြို့နယ် လယ်ကိုင်း ကျေးရွာအနီးတွင် ဧရာဝတီတိုင်းမှ လာသော စပါးရိတ်ချွေစက်တွေတင်လာသည့် ၁၀ ဘီးကားပေါ်၌ လိုက်ပါလာသော လူငယ် ၃ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ယင်းနေ့တွင် ပွင့်ဖြူနှင့် စလင်းမြို့ပေါ်ကို ပြေးဆွဲနေသော တောင်ဝင်ယာဉ်လိုင်း၌ လိုက်လာသော လူငယ် ၂ ဦးကိုလည်း ကျောင်းတော်ရာလမ်းဆုံတွင် အကြမ်းဖက် စစ်တပ်က ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် ပွင့်ဖြူမြို့နယ် ဘန်တန်းကျေးရွာ မှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

အလားတူ နိုင်ဝင်ဘာလ ၁၅ ရက်နေ့တွင် စကုမြို့နယ်ကျေးရွာမှ လူငယ် ၁ ဦးကိုအကြမ်းဖက်စစ်တပ်က ထပ်မံ ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ယင်းနေ့တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ မကွေးကန်ပြား စစ်ဆေးရေးဂိတ်နှင့် သက်သာပန်းတောင်းအနီးရှိ စစ်ဆေးဂိတ်မှ စစ်သားများက တောင်ဖလံတောကျေးရွာ လူငယ် ၁ ဦး၊ ကန်ဆွယ်ကျေးရွာ မှ လူငယ် ၁ ဦး၊ လူငယ် ၃ ဦး နှင့် စူပါစတားဆိုင် ဝန်ထမ်း ကိုဖိုးဇော်တို့ကို ဆက်လက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၁၃ ဦးထဲမှ လူငယ် ၃ ဦးကိုသာ မိသားစုဝင်များက ငွေကျပ် သိန်း ၁၅၀ ဖြင့် ပြန်လည် ရွေးထုတ်နိုင်ခဲ့ပြီး ကျန်သူများသည် ငွေကြေးပေးဆောင်နိုင်ခြင်းမရှိသောကြောင့် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ၁၃ ဦးထဲမှာ လူငယ် ၃ ဦးကို ၁ ဦးလျှင် ငွေကျပ် သိန်း ၁၅၀နဲ့ ပြန်ရွေးရတယ်။ ကျန်တဲ့ ငွေကြေးနဲ့ ပြန်မရွေးနိုင်တဲ့ လူငယ်တွေကို စစ်ခွေးတွေက စစ်သင်တန်းကျောင်းပို့လိုက်တယ်လို့ ကြားတယ်။ ငွေကြေးနဲ့ ပြန်ရွေးရတဲ့လူငယ် ၃ ဦးကို ပွင့်ဖြူမြို့နယ် ဝါတပ်ထဲမှာ သွားရွေးရတယ်လို့ သိရတယ်။ အဲလူငယ် ၁၃ ဦးစလုံးက ခန်မှန်းခြေ အသက် ၂၅ နှစ်မှ ၄၀ နှစ် အထိရှိတယ်လို့ ကြားသိရတယ်။ အဲဒီလူတွေကို ပွင့်ရဲစခန်း၊စကုရဲစခန်းတို့နဲ့ ဝါတပ်တို့တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး နိုဝင်ဘာလ ၁၇နေ့က စစ်သင်တန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရပါတယ်”ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ယခုလလယ်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၉ ကို စတင်ဖွင့်လှစ်ခဲ့ပြီး လာမည့် ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် စစ်မှု ထမ်းအပတ်စဉ် ၂၀ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများလုပ်ဆောင်လာနေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article