မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စု လမ်းပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများတင်ဆောင်လာသော ကား ၂ စီးကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်းသား PDF ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း People Defense Force Chauk မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စု လမ်းပိုင်းရှိ ဂွေးချိုနယ်မြေရဲစခန်းနှင့် ဂွေးပင်နယ်မြေရဲစခန်း အကြားတွင် နိုင်ငံရေး အကျဉ်းသား ၅ ဦး တင်ဆောင်လာသော ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ကားပေါ်လိုက်ပါလာသော စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ မြို့ပြပြောက်ကျား စစ်ဆင်ရေးများ ဦးဆောင်သော ရဲဘော် နက်ရှိုင်း (ခ) မိုးညို ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ၂ ကောင်ကတော့ ပွဲချင်းပြီးသေတာမျိုးရှိတယ်။ ၃ ကောင်လောက်တော့ ဒဏ်ရာရတယ်လို့ သိရတယ်။ ကျနော်တို့ မိုင်း ၃ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ မိုင်း ၂ လုံးက error ဖြစ်ပြီးတော့ မကွဲသွားတဲ့ အခြေအနေမျိုး ကားတွေ ထိုးရပ်မသွားတဲ့တော့ အခုလွတ်လာတဲ့ နိုင်/ကျဉ်း အကျဉ်းသားကတော့ ကျနော်တို့ ကားကို ပစ်ခတ်တိုက်ခိုက်နေတဲ့ အချိန်မှာ ခုန်ချလိုက်လို့ လွတ်မြောက်လာတာ သူတို့က ပြန်လည် ဆွဲတင်ဖို့ ကြိုးစားတဲ့ အချိန်မှာ ကျနော်တို့ ဇွတ်ဖိပစ်တော့ မခံနိုင်ဘဲနဲ့ မောင်းပြေးသွားတာ ၁ ဦးပဲလွတ်မြောက်ပြီးတော့ ၄ ဦးကတော့ ကားပေါ်ပါသွားတယ်” ဟု People Defense Force Chauk မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဘကွန်းက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force ( ချောက်မြို့နယ် ပကဖ လက်ရုံး စစ်ကြောင်း ) ၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Chauk Special Attack Force ( မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ခွဲ – ၅ ) နှင့် Tiger Fighter Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဂွေးပင်နယ်မြေရဲစခန်းကို တိုင်းမှူး၊ ခရိုင်မှူးများပါ ရောက်ရှိလာပြီး အင်အား အလုံးအရင်းဖြင့် အမှတ် ၃ ပြည်ထောင်စု လမ်းပိုင်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ကာ လွတ်မြောက်သွားသော နိုင်/ကျဉ်းကို ပြန်လည် ဖမ်းဆီးနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်သူများကို ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။
လွတ်မြောက်လာသော နိုင်/ကျဉ်းသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ချောက်မြို့၊ အမှတ် ၁၂ ရွှေတွင်းကုန်းရပ်ကွက် တွင် နေထိုင်သော ချောက်မြို့နယ် စည်ပင်သာယာရေး ကော်မတီ၌ မြို့ တော်ဝန်အဖြစ် လုပ်နေသော သန့်ဇင်ဦး ဆိုသူကို ပစ်ခတ် ရှင်းလင်းခဲ့သော မြို့ပြပြောက်ကျား စစ်ဆင်ရေးများ ဦးဆောင်နေသည့် ရဲဘော် နက်ရှိုင်း (ခ) မိုးညို ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပကဖ ) က ၎င်းတို့ စိုးမိုး ထိန်းချုပ်ထားသော ပြည်ထောင်စု အမှတ် ၃ လမ်းမကြီးပေါ်ရှိ ဂွေးချို – ဂွေးပင် လမ်းပိုင်းကို ပြည်သူများ ည ၉ နာရီ မှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်း မပြုရန် ထုတ်ပြန်ထားကြောင်း၊ လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့် အကြောင်းအရာများကို တာဝန် ယူမည်မဟုတ်ကြောင်း နှင့် တွေ့ရှိပါက အပြစ်ပေးအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
“ကျနော်တို့ ၁၉ ရက်နေ့ကလည်း ထုတ်ပြန်ထားတာရှိတယ်ပေါ့။ ပြည်ထောင်စု အမှတ် ၃ လမ်းမကြီးပေါ်က ဂွေးချို – ဂွေးပင် လမ်းပိုင်းကို ပြည်သူတွေ ည ၉ နာရီ ကနေ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်းမပြုလုပ်ဖို့ပေါ့။ အဲလမ်းပိုင်းက ကပစ ၂၂ ၊ ၂၁ က စစ်ခွေးတွေ နဲ့ ပုဂံ-ညောင်ဦး-ပခုက္ကူ ဘက်က တပ်မ ၁၀၁ ၊ တပ်မ ၈၈ တို့ ချိတ်ဆက်မှု ပြုလုပ်နေတဲ့ လမ်းပိုင်းဖြစ်နေတယ်။ နောက်ပြီး ရခိုင် စစ်မျက်နှာကို လူအင်အားနဲ့ ရိက္ခာတွေပို့တာရှိတယ်။ အဲတာတွေကြောင့် လမ်းပိုင်းအသုံးပြုမှုကို ကြိုတင် အသိပေး ထုတ်ပြန်ထားတာဖြစ်တယ်” ဟု People Defense Force Chauk မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဘကွန်းက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




