ရန်ကုန်၊ နိုဝင်ဘာ ၂၄
မြန်မာ့ပြည်တွင်း ပဲစျေးကွက်တွင် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ တန် ဖိုးရှိ ပဲလောကလိမ်လည်မှုကြီးကို ဖြေရှင်းပေးရေး ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ် ချုပ်အောင်ကျော်ကျော်ကို လာဘ်ငွေ ကန်တော့ကြေး ငွေကျပ်သိန်း ၂၅၀၀ ၊ အဆိုတော်ယုန်လေးနှင့်လူမိုက်ဝင်းထွဋ်ဝင်းကို ငွေကျပ်သိန်း ၁၀၀၀ ၊ ကြည့်မြင်တိုင် ငါးစျေးမှ လူမိုက်ကျော်ကျော်ကို သိန်း ၈၀၀ ပေးခဲ့ရသော်လည်း ဖြေရှင်းပေးခဲ့ခြင်းမရှိသကဲ့သို့ ပြေလည်မှုလည်း မရရှိခဲ့ကြောင်း လိမ်လည်ခံရသော မဟာနဒီထရေးဒင်းကုမ္ပဏီမှ ဒါရိုက် ကိုရဲမင်းလွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၃- ၂၀၂၄ ခုနှစ်အတွင်း မဟာနဒီထရေးဒင်းကုမ္ပဏီက ပဲကုန်သည်တစ်ဦးဖြစ်သော ဇော်မင်းသန့်(ခ) ဇော်ဇော်လေးထံတွင် မတ်ပဲ တန်ချိန် ၂ သောင်း ၂ ထောင်တန်ဖိုးရှိ ပဲများကို အမေရိကန်ဒေါ်လာ သန်းချီပေး၍ ဝယ်ယူခဲ့ပြီး လှောင်ထားခဲ့ကြောင်း၊ မြန်မာငွေအားဖြင့် သိန်းကြီးပေါင်း ၁ သိန်းခွဲ တန်ဖိုးရှိကြောင်း၊ ထိုသို့ ဝယ်ယူချိန်က မတ်ပဲစျေးနှုန်းမှာ ၂၆ သိန်းဝန်းကျင်သာရှိခဲ့ကြောင်း၊ ယင်းနောက် မတ်ပဲစျေးမှာ ၄၁ သိန်းခွဲ ဖြစ်သွားချိန်တွင် ပဲနှင့်ငွေများ လုံး၀ ပြန်မပေးဘဲ လိမ်လည်သွားခဲ့ကြောင်း၊ ထို့ကြောင့် ငွေလိမ်ခံရမှုအတွက် ငွေကြေးများ ပြန်လည် ရရှိရေးအတွက် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်မှတစ်ဆင့် ဆက်သွယ်၍ ငွေပြန်လည် ရရှိရေး ကြိုးစားခဲ့သော်လည်း ကန်တော့ကြေး သိန်း ၂၅၀၀ ကုန်သွားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိခဲ့ကြောင်း ကိုရဲမင်းလွင်က ပြောဆိုသည်။
“ဇော်မင်းသန့် ဇော်ဇော်လေးကို ကျနော့်မှာ မတ်ပဲ ၂ သောင်း ၂၀၀၀ ထောင်ဝယ်ထားတယ်။ မြန်မာငွေ သိန်ကြီးပေါင်း ၁ သိန်းခွဲပေးထားတယ်။ မတ်ပဲစျေး ၄၁ သိန်းခွဲဖြစ်သွားတယ် ။ ကျနော်ဝယ်ထားတာ ၂၆ သိန်း ။ ၂၀၂၃ – ၂၀၂၄ ခုနှစ် ပေါ့။ ဒေါ်လာ ၇ သန်းကျော် လိမ်သွားတယ်။ ကျနော့်မှာ အကုန်ရှိတယ်။ သက်သေတွေရှိပါတယ်။ အဲဒီမှာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို ကျနော်အကူအညီတောင်းတယ်။ ဒုဝန်ကြီး ကို ပထမ ဂါ၀ရကြေး သိန်း ၅၀၀၊ ၆၀၀ ပေးပြီး အကူအညီတောင်းတယ်။ ဇော်ဇော်လေးကို ခေါ်တယ်လို့ကြားတယ်။ ဒါပေမယ့် ပမာဏက အရမ်းများတော့ ဗိုလ်ချုပ်အောင်ကျော်ကျော်လည်း ဟိုကောင့်ကို ခေါ်မေးပြီး ဘာမှ အရာမထင်လာဘူး။ ကျနော် ဂါ၀ရကြေးသိန်း ၂၅၀၀ လောက်ကုန်တယ်။ မဖြစ်လာဘူး” ဟု ကိုရဲမင်းလွင်က ရှင်းပြသည်။
ယင်းနောက် ကြည့်မြင်တိုင်ငါးစျေးမှ လူမိုက် ကျော်ကျော်နှင့် ချိတ်ဆက်၍ ဇော်ဇော်လေး(ခ) ဇော်မင်းသန့်ထံသို့ ခဏတာ အကြွေးကိစ္စ တွေ့ဆုံခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အကူအညီတောင်းခဲ့ကြောင်း၊ လူမိုက်ကျော်ကျော်ကလည်း လုပ်ဆောင်ပေးမည်ဟုဆိုကာ ငွေကျပ် သိန်း ၈၀၀ ရယူသွားခဲ့ကြောင်း၊ စစ်တပ်နှင့်ပါ လုပ်ဆောင်မည်ဟု သိန်း ၈၀၀ ယူဆောင်ခဲ့သော်လည်း ဘာမှ ဖြစ်မလာခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် အဆိုတော် ယုန်လေးကို ချိတ်ဆက်၍ သာကေတ လူမိုက် ဝင်းထွဋ်ဝင်းကို ချိတ်ဆက်ကာ ငွေကျပ် သိန်း ၁၀၀၀ ဖြင့် ဇော်မင်းသန့်(ခ) ဇော်ဇော်လေးကို တွေ့ခွင့်ရရေး ဆောင်ရွက်ပေးရန် လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင်လည်း မည်သည့် ရလဒ်မှ မဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
“သာကေတ ဝင်းထွဋ်ဝင်းက ပျူစောထီးဆိုပြီး နာမည်ကြီးနေတာ။ ကျနော်အလိမ်ခံထားရလို့ ကူညီပေးပါဆိုတော့ ဝင်းထွဋ်ဝင်းက သိန်း ၁၀၀၀ တောင်းတယ်။ သိန်း ၁၀၀၀ တောင်းတာက ကိုယုန်လေးက ချိတ်ပေးတာ။ စစ်တပ်ကို အကူအညီတောင်းမှပဲရမယ်။ စစ်တိုင်းမှူးကို သိန်း ၄၀၀၊ ၅၀၀ လောက် ဂါ ရမယ်ဆိုပြီး ပြောတယ်။ စစ်တိုင်းမှူးခေါ်ပြီးရင် ကျနော့်ကို လိမ်သွားတဲ့ ဇော်ဇော်လေးကို ခေါ်မယ် စစ်မယ်ဆိုပြီး ပြောတယ်။ တကယ်တမ်းကျတော့ လူမိုက်ဝင်းထွဋ်ဝင်းက ကျနော့်ကို သိန်း ၅၀၀ ပြန်ပေးတယ်။ ကျန်တဲ့ သိန်း ၅၀၀ ကိုလည်း မေတာင်းဖို့ ကျနော့်မိသားစုဝင်တွေကို ခြိမ်းခြောက်တယ်။ ကျန်တဲ့သိန်း ၅၀၀က ကိုယုန်လေးကို ပေးလိုက်ရတဲ့အတွက် မပေးနိုင်တော့ဘူးဆိုပြီး လျှော်သွားတယ်” ဟု ကိုရဲမင်းလွင်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ရန်ကုန်အခြေစိုက် Maha Nadi International Co.,Ltd. မှ ဒါရိုက်တာ ဦးရဲမင်းလွင် အပါအဝင် မိသားစုဝင်များကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ပြန်လည် မသွင်းဟုဆိုကာ ငွေကြေးခဝါချမှု အပါအဝင် စီးပွားရေးဆိုင်ရာ ပုဒ်မများစွာဖြင့် အမှုဖွင့်ထားပြီး ဦးရဲမင်း လွင်၏ ဖခင် ဦးဟင်နရီခင်မောင် အပါအဝင် မိသားစုဝင်များကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







