ရန်ကုန်၊ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး ပျက်သွားပြီး စစ်သား ၈၀ ဝန်းကျင်သေဆုံးကာ လက်နက် ၂၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်အကြာ ယာယီ တပ်စွဲ အထိုင်ချထာသော အကြမ်းဖက် စစ်တပ်သည် ပျဥ်ထောင်ပျူစောထီးရွာသို့ အင်အား ၁၈၀ ခန့်ဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အလောင်းတွေက ၆၀ နဲ့ ၈၀ ကြားလောက်တော့ရှိမယ်။ လယ်ကွင်းထဲမှာ အလောင်းတွေကျန်နေခဲ့ တာဆိုတော့ အဲဒီလောက်ရှိလိမ့်မယ်။အခုထိ လယ်တွေထဲ၊ ကန်သင်းရိုးတွေထဲမှာ အလောင်းတွေရှိနေ သေးတယ်။ မရှင်းလင်းရသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာကနေ မုံလှရွာထဲကို ပြန်ဆုတ်သွားတာ၊ လက် ရှိအထိ မုံလှရွာထဲမှာပဲရှိသေးတယ်။ လေကြောင်းကနေ ဆူဆိုက်ဒရုန်းတစ်စီးနဲ့ ဂျက်ဖိုက်တာ တစ်စီး နဲ့ တိုက်ပွဲဖြစ်တဲ့နေရာလာချသွားတယ်” ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိ သူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား အများအပြား သေဆုံးကာ စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်သွားပြီး ရုပ်အလောင်းများကိုလည်း ကောက်ယူခြင်းမရှိဘဲ ကစဥ့်ကလျားဖြင့် မုံလှရွာထဲသို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ ငါးကြင်းမှီး ၁ လက်၊ MA-1 ၁၀ လက်၊ MA-2 ၃ လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၄ လက်၊ MAS Sniper ၁ လက်၊ M1- ၅ လက်နှင့် ဆက်စပ် ကျည် ခဲယမ်း အစုံ၊ အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်မှ နည်းဗျူဟာ (၃၃၂) ၊ ခမရ(၁၁၁) ၊ ကန့်ဘလူ ပျူစောထီးများဖြင့် စုဖွဲ့ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခင်ဦးမြို့နယ် တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့ နယ်မြေရှင်းလင်းရေးက အကုန်မလုပ်ရသေးဘူး။ စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးလာကျဲလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ထားရတယ်။ နယ်မြေရှင်းလင်းရေး လုပ်ပြီးမှပဲ စစ်ခွေးသေဆုံး စာရင်းကို သိရမယ်။ မြေပြင်မှာ စစ်ရေးက ဆက်လက် တင်းမာနေတုန်းပဲ” ဟု ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေသော တော်လှန်ရေး သတင်းရင်းမြစ် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








