စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပုဏ္ဏားကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲမှ တပ်ပျက်ပြီး ထွက်ပြေးလာသော အကြမ်းဖက် စစ်တပ်ကို ထပ်မံ တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲသားများ တပ်ဖွဲ့မှ ကိုရာမ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ပုဏ္ဏားရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲမှ တပ်ပျက်ပြီး ထွက်ပြေးလာသော စစ်သား ၁၀ ဦးကို သားနားရွာ မူးသုံးခွ အရှေ့ဘက်ရှိ ဝက်ခေါင်းပြွန်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတွေ့တိုက်ပွဲသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ခဲယမ်းလုံလောက်မှု မရှိသောကြောင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းတိုက်ပွဲဖြစ်ပွားခဲ့သော နေရာကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် စစ်အသုံးအဆောင် ပစ္စည်းတချို့နှင့် စစ်သား အလောင်း ၁ လောင်းကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲအတွင်းကနေ စစ်ခွေးတွေ ထွက်ပြေးလာတယ်လို့ သတင်းလှမ်းပြောလို့ ကျနော်တို့ ၅ ယောက်တည်း နဲ့သွားပစ်တာ အဲကောင်တွေ စပါးခင်းထဲကနေ တက်လာတာတွေ့တယ်။ ကျည်လက်လှမ်းမြင်တာနဲ့ စပစ်တာ ကျနော်တို့ ပစ်တဲ့ အချိန် အဲကောင်တွေ စပါးတောထဲဝပ်ပြီးနေတယ်။ သူတို့နောက်ကလည်း ထပ်လာတယ် ခန့်မှန်းခြေ ၆၀ လောက်ရှိတယ်။ အဲတာကြောင့် အဲလို စစ်ကူထပ်လာလို့ ပြန်ဆုတ်ခဲ့ရတာ” ဟု ဗန္ဓုလနှင့်အဖွဲသားများ တပ်ဖွဲ့မှ ကိုရာမ က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပန်းပျိုးလက်တော်လှန်အဖွဲ့ ၊ မုံရွာဗန္ဓုလနှင့်အဖွဲ့နှင့် သိဒ္ဓိရှင်တိုက်နယ်ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှ ထွက်လာသော အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ဆန်းညွန့်ထွန်း ဦးစီးသည့် တပ်မ ၃၃ လက်အောက်ခံ ခမရ-၁၁ ၊ ခလရ-၄၂ နှင့် ပျူစောထီးပူးပေါင်း အင်အား ၁၂၀ ခန့်သည် ပုဏ္ဏားကျေးရွာသို့ ဝင်ရောက်မီးရှို့နေစဉ် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီ ၃၀ မိနစ်အထိ ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၃၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိကာ စစ်ကြောင်းပျက်၍ စိုင်နိုင်ကွေ့ရှိ စစ်တပ်စခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA1 အမျိုးအစား သေနတ် ၁၁ လက် ၊ MA2 အမျိုးအစား သေနတ် ၃ လက် ၊ MA3 အမျိုးအစား သေနတ် ၁၀ လက် ၊ ငါးကြင်းမှီး-၂ လက် ၊ RPG ၁ လက် ၊ စနိုက်ဘာ ၁ လက် ၊ BA100 (စိန်ပြောင်း) ၃ လက် ၊ BA90 (စိန်ပြောင်း) ၁ လက် ၊ ဂျန်ဘာစက် ၁ လုံး ၊ ကျည်ဘောက် ၁၆ ဘောက် ၊ ၅.၅၆ ကျည် အတောင့် ၃၉၀ ၊ ၇.၆၂ ကျည် ၁၇၁၉ တောင့် ၊ RPG- ၄ ဖူး ၊ RPG ပို့ကျည် ၇ လုံး ၊ ကျည်ကာဦးထုပ်-၁၀ လုံး၊ လက်ကိုင်ဖုန်း – ၂၈ လုံး ၊ အီနာဂါ ဗုံးသီး ၁၉ လုံး နှင့် လက်ပစ်ဗုံး ၇ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







