ရန်ကုန်၊ နိုဝင်ဘာ ၂၆
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး မြန်မာစစ်တပ်၏ ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် ယုံကြည်စိတ်ချရမှု နှစ်ခုစလုံး ရှိမည်မဟုတ်ကြောင်း၊ သူ့အနေဖြင့်လည်း ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“ကျနော်တို့က ရွေးကောက်ပွဲကို လွတ်လပ်ပြီး ယုံကြည်ရတဲ့ ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲတွေကို အသိအမှတ်ပြုမယ့် အနေအထားမျိုးမှာ ရှိမှာမဟုတ်ဘူး” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
သို့သော် ၂၀၁၀ ခုနှစ်တွင် သမ္မတ သိန်းစိန်က “မပြည့်စုံသော” ရွေးကောက်ပွဲဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ကာ NLD က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့မှုကို ပြန်ပြောင်း ပြောကြားကာ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲရေးဆီသို့ ခြေလှမ်းတစ်ရပ် ဖြစ်နိုင်ကြောင်း အကြံပြုခဲ့သည်။
“မပြည့်စုံသော ရွေးကောက်ပွဲတစ်ခုကလည်း နိုင်ငံကို တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ပြန်လည်ရောက်ရှိစေရန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို လူသားချင်းစာနာမှုဖြင့် ပြန်လည် လွှတ်ပေးရန် မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုသည်။
“သူမကို လွှတ်ပေးဖို့ အချိန်တန်ပါပြီ။ တစ်ခါတလေမှာ ပြောသင့်တဲ့ မှန်ကန်တဲ့အရာတွေကို ကျွန်တော်တို့ ပြောရပါမယ်။ သူမဟာ အချိန်ကြာမြင့်စွာ ထိန်းသိမ်းခံခဲ့ရပါတယ်။ သူမရဲ့ အသက်အရွယ်အရ သူမရဲ့ ကျန်းမာရေးအခြေအနေကို ကျနော်တို့ မသိရပါဘူး။ ဒါကြောင့် အဲဒါကို ပထမဆုံးအချက်အနေနဲ့ ဒါမှမဟုတ် ချက်ချင်းပဲ လုပ်ဆောင်ပေးဖို့ ကျနော်မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ရွေးကောက်ပွဲ ပြီးသွားသည့်တိုင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ပြန်လည်ထိတွေ့ဆက် ဆံရန် ခက်ခဲမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထပ်မံ ပြောဆိုခဲ့သည်။
“လက်ရှိအခြေအနေတွေနဲ့ သူတို့ လိုအပ်တဲ့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုမျိုး မရသေးဘဲ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။
Ref : Myanmar election not free or credible: Thai FM -AFP ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




