စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၍ ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့က ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်အကြာ ယာယီ တပ်စွဲ အထိုင်ချထားသော အကြမ်းဖက် စစ်တပ်သည် ပျဥ်ထောင်ပျူစောထီးရွာသို့ အင်အား ၁၈၀ ခန့်ဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈၀ ဝန်းကျင် သေဆုံးပြီး လက်နက် ၂၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း ထိနာပြီး ဆုတ်ပြေးသွားသော စစ်သားများသည် မုံလှရွာအတွင်း အင်အားစုဖွဲ့မှု ထပ်မံပြုလုပ်နေကာ အနီးအနားရှိ ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းကြောင်း သိရှိရသည်။
ထို့ကြောင့် လက်ရှိချိန်တွင် ခင်ဦးမြို့နယ် အတွင်းရှိ မုံလှရွာ၊ သာဝတ္ထိရွာ၊ မြင်းကျရွာ၊ ဥယျဥ်ရွာ၊ ကျွန်းတောကြီးရွာ၊ မကျီးအုပ်ရွာ ၊ယာတော်ရွာ၊ သရက်ပင်စုရွာ ၊ ကားဆိပ်ရွာ၊ ကလုံရွာ၊ ငါးရုံကြီးရွာ ၊ ရှားတောရွာ ၊ သရက်ကုန်းရွာ ၊ ကင်းပြစ်ရွာ ၊ ရှင်မင်းတွေရွာ ၊ တဲစုရွာ၊ ကန့်ဘလူမြို့နယ် အတွင်းရှိ ကျောက်တိုင်ရွာ ၊ ကျီစုရွာ ၊ အိုင်ပေါင်းကြောင်ရွာ ၊ ယင်းတိုက်ရွာ နှင့် ရေဦးမြို့နယ်အတွင်းရှိ ပင်စိမ်းကင်းရွာမှ ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“အဲရွာတွေက စစ်တပ် စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်ခံရတည်းက တိမ်းရှောင်နေရတာ စစ်ခွေးတွေက အခုထိလည်း ပြန်မဆုတ်သေးဘဲ မုံလှရွာထဲမှာ အင်အားစုဖွဲ့နေတော့ ဆက်လက် တိမ်းရှောင်နေရတာ ဟိုနေ့က တိုက်ပွဲမှာက ခွေးစစ်ကြောင်းက အင်အား ၁၈၀ လောက်ပဲထွက်လာတာ အင်အား ၇၀ လောက်က မုံလှရွာထဲမှာ ကျန်ခဲ့တယ်။ အခုက တိုက်ပွဲအတွင်းမှာ ထွက်ပြေးလာတဲ့ စစ်ခွေးတွေကော ကျန်ခဲ့တဲ့ စစ်ခွေးတွေရော အင်အားထပ်ပြီး စုဖွဲ့ထားတာတွေ့ရတယ်။ စစ်ကြောင်းထပ်ထိုးလာနိုင်မယ့် အခြေအနေရှိတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။
လက်ရှိချိန်တွင် စစ်ဘေးရှောင်ပြည်သူများကို ခင်ဦးမြို့နယ် အတွင်းရှိ မြို့နယ် ပအဖ ၊ ပကဖ၊ မြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ် တရားရေး ဥက္ကဌနှင့် အဖွဲ့ဝင် ၁ ဦး၊ မြို့နယ် အခွန်တော် အရာရှိ၊ ဘဏ္ဍာရေး တွဲဘက်၊ သယံဇာတ ဥက္ကဌ၊ လျှပ်စစ် တွဲဘက်၊ စိုက်ပျိုးရေး၊ မြို့နယ် ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်များ၊ ကျေးရွာ ပအဖ၊ ပကဖ များက ထောက်ပံ့မှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









