ရန်ကုန်၊ နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ မရှိ၍ လူငယ်အကုန်လုံး အခြားတိုင်းပြည်များသို့ သွားရောက် အလုပ်လုပ်နေပြီး ပြည်ပရောက် မြန်မာလူငယ် ၅ သန်းကျော်ထံမှ လုပ်ခလစာများ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိရေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီမှ ဥက္ကဋ္ဌ ခင်ရီနှင့် သောင်းအောင်းတို့က ပြောဆိုလိုက်ကြသည်။
ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲများတွင် ခင်ရီနှင့်သောင်းအေးတို့ ၂ ဦးစလုံးက ပြည်ပရောက် မြန်မာလူငယ်များအရေးနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုလာကြပြီး ယင်းကဲ့သို့ ပြည်ပရောက် လူငယ်များထံမှ ငွေကြေးများ ပြည်တွင်းသို့ ရောက်ရှိရေး လုပ်ဆောင်ရန် ပြောဆိုလာကြခြင်းဖြစ်သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ပျော်ဘွယ်မြို့နယ်၊ ကျီနီကျေးရွာနှင့် သီးကုန်းကျေးရွာတို့တွင် ကြံံဖွတ်ပါတီမှ အတွင်းရေးမှူးလည်းဖြစ်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ သောင်းအေးက ပြည်သူများနှင့်တွေ့ဆုံရာတွင် တိုင်းပြည်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမရှိ၍ မြန်မာလူငယ်အားလုံး ပြည်ပ ထွက်၍ အလုပ်လုပ်နေရကြောင်း ပြောဆိုသည်။
“ နိုင်ငံတကာက ဖိအားတွေပေး၊ ပေးပြီးတော့ ကျနော်တို့ တိုင်းပြည်အတွက် အရင်းအနှီးတွေ ဘာတွေ မရဘူး။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေလည်း လာပြီးတော့ ရင်းနှီးမြှုပ်နှံလို့ မရဘူး။ အဲ့တော့ ကျနော်တို့မှာ အလုပ်အကိုင် မရှိဘူး။ အခွင့်အလမ်းတွေ မရှိဘူး။ မရှိတော့ ဘာဖြစ်လဲ၊ လူငယ်တွေ အကုန်လုံးက တခြားတိုင်းပြည်တွေပဲ သွားပြီးတော့ အလုပ်လုပ်ကြတယ်။ ဒါ့အပြင် ပိုဆိုးတာက ခုနက ပြောသလို အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုတဲ့ အတွေးခေါ်တွေနဲ့ လူငယ်တွေကို လမ်းမှားကို ပို့ပစ်လိုက်တယ်။ နှမြောဖို့ အရမ်းကောင်းတာပဲ။ ”ဟု ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ရန်ကုန်ရှိ မဲဆွယ်စည်းရုံးပွဲတွင် ကြံ့ဖွတ် ခင်ရီက ပြည်ပရောက် လူငယ် အလုပ်သမား ၅ သန်းမှ ၈ သန်းအထိ ရှိပြီး ယင်းလူငယ်များ၏ လုပ်ခလစာများကို ပြည်တွင်းသို့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ခင်ရီက ပြောဆိုသည်။
“ယိုးဒယားမှာ ၅ သန်းပဲရှိတယ်ဆိုပါဦး။ ၁ လမှာ ဘတ် ၁၀၀၀ လောက်ပဲ လွှဲတယ်ဆိုပါဦး။ ဘယ်လောက်ရမယ်ထင်လဲ။ ဒါက ကျနော် တစ်ခုတည်းပဲ ပြောတာပါ။ ပြည်ပမှာရှိတဲ့ တရားမဝင် အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် သူတို့ရဲ့ ငွေလွှဲပြောင်းမှု Remittance ကို သူတို့လည်းအ ကျိုးရှိ၊ သူတို့မိသားစုလည်း အကျိုးရှိ၊ နိုင်ငံတော်လည်း အခွန်ရဆိုတဲ့ ၃ ဦး ၃ ဖလှယ် အကျိုးရှိအောင် Win-Win Situation ဖြစ်အောင် မဖြစ်မနေ ဖန်တီးမယ်လို့ ပြောချင်တယ်” ဟု ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။
ယင်းအပြင် ကြံ့ဖွတ်ပါတီက မြန်မာနိုင်ငံကြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Sustainable Development Plan ကို ပညာရှင်များနှင့်တိုင်ပင်ပြီး စီမံချက်ချထားကြောင်း၊ လက်ရှိ စစ်တပ်ကလည်း အဆိုပါ စီမံချက်အပေါ် အခြေခံလုပ်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




