မန္တလေးတိုင်း၊ မိုးကုတ်မြို့ပြင် အနောက်ပိုင်းသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပြီး စစ်ကြောင်း နောက်ပြန်ဆုတ်သွားကြောင်း မိုးကုတ်ဒေသပြည်သူတချို့နှင့် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့နှင့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ထဲသို့ ဝင်ရောက် နေရာယူခဲ့ကြောင်း၊ သို့ရာတွင် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်စစ်ကြောင်းများက မိုးကုတ်မြို့ပြင် အနောက်ဘက်ပိုင်းသို့ စစ်ကြောင်းများ ကျွံ့ဝင်လာကြောင်း၊ ယင်းနေရာများတွင် တော်လှန်ရေးတပ်များက အထိုင်ချထားသဖြင့် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“မိုးကုတ်အနောက်ဘက် တောင်ပေါ်ဘက်ကို စစ်ကြောင်းတွေ ဝင်လာတာ။ မြို့ပြင်မှာ တော်လှန်ရေးတပ်တွေ ရှိတယ်။ မြို့ထဲကနေ ဆုတ်ခွာပေးထားတာ။ အဲဒါကို စခတွေက မြို့ပြင်အထိ ထွက်ပြီး စစ်ကြောင်းထိုးလာတာပါ။ ထိတွေ့မှုဖြစ်ပြီးတော့ သူတို့ ပြန်ဆုတ်သွားတယ်။ ပြန်လာနိုင်သေးတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့နှင့် အောက်တိုဘာလ ၂၈ ရက်နေ့တို့တွင် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိင်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် TNLA နှင့် အကြမ်းဖက်စစ်တပ်တို့ အပစ်အခတ်ရပ်စဲရန်၊ မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို ပြန်လည် ပေးအပ်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ ယင်းနောက် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို TNLA တပ်ဖွဲ့က စစ်ကောင်စီထံသို့ ပြန်လည် ပေးအပ်သည့်တိုင် မိုးကုတ်မြို့ကို စစ် ကောင်စီလက်အောက် မကျရောက်စေရန် အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး တပ်များက သတင်းထုတ်ပြန်ခဲ့သော်လည်း TNLA က မိုးကုတ်မြို့အတွင်းအထိ စစ်တပ်ကို ခေါ်သွင်းလာခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ မိုးကုတ်မြို့ အနောက်ဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်များက အချိန်မီ သိရှိခဲ့ပြီး စစ်တပ်စစ်ကြောင်းကို ရှေ့ဆက်မတိုးလာစေရန် အပြင်းအထန် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“မနေ့ညနေပိုင်း တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာပြီး ပြန်ဆုတ်သွားတာ။ သူတို့မြို့ထဲကနေ စစ်ကြောင်းထွက်လာချိန်ကတည်းက ဒီဘက်ကို သတင်းရောက်တယ်။ မိုးကုတ်မြို့ပြင် ပတ်ပတ်လည်မှာ တော်လှန်ရေးတပ်တွေ ရှိနေတယ်” ဟု မိုးကုတ်မြို့မှ ကင်းထောက် သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။
မိုးကုတ်နှင့် မိုးမိတ်မြို့မှ TNLA က ဆုတ်ခွာမှုအတွက် တအာင်းဒေသကိုလည်း မြန်မာစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုရန် ကတိပြုထားသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့များကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်က ကျောက်မဲ၊ နောင်ချို၊ သီပေါကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ TNLA က မိုးကုတ်နှင့် မိုးမိတ်မြို့များကိုပါ ထပ်မံ စွန့်လွှတ်မည်ဖြစ်သော ကြောင့် မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ္မတူမြို့များသာ TNLA လက်ထဲတွင် ကျန်ရှိတော့မည်ဖြစ်သည်။
ဓာတ်ပုံ – နိုဝင်ဘာလ ၂၉ ရက်နေ့ ညပိုင်း မိုးကုတ်မြို့ကို လျှပ်စစ်မီးများ ဖြတ်တောက်၍ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာရသော စစ်တပ်စစ်ကြောင်းများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




