မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ မိုးမိတ်မြို့ ဘက်သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို KIA၊ KPDF အပါအ၀င် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တော် လှန်ရေးသတင်းရင်းမြစ်က ပြောဆိုပြီး အဆိုပါသတင်းမှာ မှန်ကန်ကြောင်း KIA/KIO ပြောရေးခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း အတည်ပြုလိုက်သည်။
ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန် မိုးကုတ်မြို့ဘက်မှ မိုးမိတ်မြို့သို့ ထွက်လာသော စစ်တပ်စစ်ကြောင်းနှင့် KIA ၊ KPDF အပါအဝင် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ် ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအသေးစိတ် အခြေအနေကို မေးမြန်းနေဆဲဖြစ်ကြောင်း KIA/KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။
“မနေ့ည ၈ နာရီဝန်းကျင် မိုးကုတ်ကနေမိုးမိတ်မြို့သွားတဲ့ လမ်းအကြားမှာ တိုက်ပွဲဖြစ်တာပါ။ ကျနော်တို့လည်း အသေးစိတ် မသိရသေးဘူး။ အဲဒီဘက်က ဖုန်းလိုင်းတွေ ခက်တော့ တစ်ဆင့်ပြီး တစ်ဆင့်မေးနေရတယ်။ အဲဒီတော့ မိုးကုတ်-မိုးမိတ်အကြား လမ်းမှာ တိုက်ပွဲဖြစ်တာကိုပဲ ကျနော်တို့ ပြောနိုင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက နိုဝင်ဘာလဆန်းပိုင်း ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ဆက်သွယ်မေးမြန်းချက်တွင် TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့မှ ABSDFနှင့် PDF တို့ကို KIA က စစ်ရေး ကူညီမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။
မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများရှိပြီး ABSDF ၊ PDF တို့နှင့်အတူ ပူးတွဲရှိနေကြောင်း၊ တပ်ပေါင်းစုအဖြစ် အတူတူနေထိုင်ပြီး အခြေချထားကြောင်း၊ KIA အနေဖြင့် TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့နှင့်ပတ်သက်၍ စစ်ရေးအရ ဆောင်ရွက်ရန် မရှိသော်လည်း ABSDF နှင့် PDF တို့၏ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာလျှင် KIA က ကူညီသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
“မိုးမိတ်မြို့နယ်ထဲမှာ ကျနော်တို့ KIA တပ်ရင်း ၃၄ ရှိတယ်။ KIA PDF တပ်ပေါင်းစု အတူအတူနေတယ်။ အခြေချထားတယ်။ မိုးမိတ်မြို့နဲ့ပတ်သက်လို့ သီးသန့် KIA ကတော့ ဘာမှ လုပ်ဖို့မရှိဘူး။ ဒါပေမယ့် မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း မိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသော အခြေအနေများအရ မည်သို့ပင် အခက်အခဲဖြင့် ကြုံတွေ့စေကာမှု ပြည်သူနှင့်တစ်သားတည်းရှိနေမည်ဖြစ်ကြောင်း၊ ထို့အပြင် စစ်ကော်မရှင်လက်အောက်သို့ မကျရောက်စေရန်နှင့် တော်လှန်ရေး အောင်မြင်မှု ပန်းတိုင်ဆီသို့ အမြန်ဆုံး ရောက်ရှိစေရန် တော်လှန်ရေးညီနောင် မဟာမိတ်များနှင့်အတူ ပူး ပေါင်း ၍ အောင်မြင်မှု ရသည်အထိ ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားသည်။
TNLA က အောက်တိုဘာလ ၂၉ ရက်နေ့တွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲလိုက်ပြီး မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ပြန်လည် ဆုတ်ခွာမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





