ရန်ကုန်၊ ဒီဇင်ဘာ ၃
ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးကို လာမည့် ၂၀၂၆ ခုနှစ်တွင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံအစိုးရက တရားဝင် ကြေညာလိုက်ရာ မြန်မာနိုင်ငံသားများ ဖင်လန်နိုင်ငံသို့ သွားရောက်ရေး ဗီဇာကိစ္စများအတွက် ဘန်ကောက်တွင် အဓိက ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ခရီးသွားအေဂျင်စီများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလအတွင်း ဖင်လန်နိုင်ငံအစိုးရက ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံရှိသံရုံးများကို လာမည့် ၂၀၂၆ ခုနှစ်တွင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖင်လန်အစိုးရက နိုင်ငံရေးအန္တရာယ်၊ ကုန်သွယ်စီးဆင်းမှုနှင့် ကောင်စစ်ရေးဆိုင်ရာ လိုအပ်ချက်များကို ချိန်ဆသည့် ဖင်လန်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကို မဟာဗျူဟာမြောက် ပြန်လည်သုံးသပ်ပြီးနောက် ဤဆုံးဖြတ်ချက်ကို ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဖင်လန်နိုင်ငံအစိုးရရဲ့ ကြေညာချက်မှာတော့ ဗီဇာကိစ္စတွေအတွက် နယူးဒေလီနဲ့ ဘန်ကောက်မှာ လုပ်ရမှာလို့ ကြေညာထားတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာတွေ အားလုံးက ဘန်ကောက်မှာရှိတဲ့ ဖင်လန်သံရုံးမှာ ဗီဇာဝင်ရတာ ကြာပါပြီ။ အခုကတော့ သံရုံးတရားဝင်ပိတ်မှာ ဖြစ်တဲ့အတွက် ဘန်ကောက်မှာပဲ အဓိက ဗီဇာကိစ္စတွေပဲ လုပ်လို့ရတော့မှာ။ ဖင်လန်ဗီဇာကလည်း မြန်မာနိုင်ငံသားတွေအတွက် အချိန်လည်း ကြာသလို ခက်လည်းခက်ပါတယ်” ဟု ရန်ကုန်အခြေစိုက် အောင် မြင်သူ ပြည်ပခရီးသွားအကျိုးဆောင် အေဂျင်စီ မန်နေဂျာက ရှင်းပြသည်။
ဖင်လန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး အယ်လီနာ ဗာလ်တိုနင် (Elina Valtonen) က သံရုံးများပိတ်သိမ်းခြင်းမှာ ထိတွေ့ဆက်ဆံမှုမှ နောက်ဆုတ်ခြင်းကို ပြသခြင်းမဟုတ်ဘဲ ကူးသန်းရောင်းဝယ်ရေးရုံးကိုမူ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း၊ ထိုရုံးများက ကောင်စစ်ရေးနှင့် သံတမန်ရေးဝန်ဆောင်မှုများအစား ကုန်သွယ်မှုမြှင့်တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ခြင်းကိုသာ အဓိကထား အာရုံစိုက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဖင်လန်နိုင်ငံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ နှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု များကို ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်လျက်ရှိသော နိုင်ငံဖြစ်ပြီး လက်ရှိ နိုင်ငံရေးအကျပ် အတည်းနှင့် ပဋိပက္ခများကြောင့် ဖင်လန်နိုင်ငံက ၎င်းတို့၏ အကူအညီများကို မြန်မာစစ်တပ်ထံသို့ မရောက်ရှိစေရေး အထူးသတိထားလျက်ရှိကြောင်း သိရှိရသည်။
ဖင်လန်အစိုးရ ပြည်တွင်းနေရပ်စွန့်ခွာရသူများကို ကူညီလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသောရေ၊ သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှုပစ္စည်းများနှင့် ယာယီခိုလှုံရာများ ပံ့ပိုးပေးရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ထားကြောင်း၊ အဆိုပါ အကူအညီကို ဖင်လန်ကြက်ခြေနီအသင်းမှတစ်ဆင့် နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) နှင့် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) သို့ အဓိကပေးပို့ခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ငြိမ်းချမ်းရေးဆိုင်ရာ အစီအစဉ်များ၊ အကြမ်းမဖက်သော ဖြေရှင်းနည်းများနှင့် ဒီမိုကရေစီအခြေခံမူများကို မြှင့်တင်ရန်အတွက် မြေပြင်အဆင့်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာနှင့် လူငယ်အဖွဲ့အစည်းများကို ပံ့ပိုးကူညီလျက်ရှိကြောင်း၊ င် ဒီမိုကရေစီအရေး ဆောင်ရွက်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် တရားဝင်မဟုတ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အားပေးခြင်းတို့ ပါဝင်ကြောင်း သိရှိရသည်။
အလားတူ မြန်မာနိုင်ငံ၊ ပဋိပက္ခဒေသများရှိ ကလေးသူငယ်များ၏ ကျောင်းတက်ရောက်ခွင့် အခွင့်အရေးနှင့် အခွင့်အလမ်းများကို လုံခြုံစေရန် ပံ့ပိုးပြီး ဘိန်းစိုက်ပျိုးမှု၏ အစားထိုးအနေဖြင့် ရှမ်းပြည်နယ်ရှိ ကော်ဖီသမဝါယမလုပ်ငန်းကဲ့သို့ ရေရှည်တည်တံ့သော ကျေးလက်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို မြှင့်တင်သည့် စီမံကိန်းများကို ပံ့ပိုးခဲ့ကြောင်း၊ ဖင်လန်က UNFPA ၏ “အမျိုးသမီးများနှင့် မိန်းကလေးများ ပထမဆုံး အစီအစဉ် (Women and Girls First Initiative)” ကဲ့သို့သော အစီအစဉ်များမှတစ်ဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေး နှင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေး၊ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားကျန်း မာရေးဝန်ဆောင်မှုများ မြှင့်တင်ရေးတို့ကိုလည်းပံ့ပိုးခဲ့သော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





