မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို တပ် ကြပ်ကြီး ၁ ဦးက ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဖမ်းခံလိုက်ကြောင်း ပွင့်ဖြူမြို့နယ်မှ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ တွင် တပ်ကြပ်ကြီး ကိုပုနှင့် စကုမြို့မှ ထွေ/အုပ်ဝန်ထမ်း စာရေးမ ခင်နီလာထွေးတို့မှာ ချစ်သူများ ဖြစ်ခဲ့ကြပြီး အတူနေထိုင်ခဲ့ကြကြောင်း၊ ယင်းနောက် ထွေ/အုပ်ဝန်ထမ်း ခင်နီလာထွေးက ပွင့်ဖြူမြို့နယ်မှ စရဖ ဗိုလ်ကြီးကျော်မျိုးဦးနှင့် ထပ်မံ ချစ်ကြိုက်သွားခဲ့ပြီး အတူနေခဲ့ကြောင်း၊ ယင်းသို့ ၃ ပွင့်ဆိုင် အချစ်ဇတ်လမ်းဖြစ်လာစဉ် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် တပ်ကြပ်ကြီး ကိုပုက ထွေ/အုပ်စာရေးမ ခင်နီလာထွေးနှင့် စရဖ ဗိုလ်ကြီး ကျော်မျိုးဦးတို့ကို အတူ တွဲလျက်တွေ့ရှိရသဖြင့် သေနတ်ဖြင့် ၂ ဦးစလုံးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
“ဖြစ်တာက လူမှုရေး ဖောက်ပြန်မှု ကိစ္စကြောင့် ဖြစ်ကြတာ။ တပ်ကြပ်ကြီး ကိုပုနဲ့ ထွေ/အုပ်စာရေးမ ခင်နီလာထွေးက အရင် ချစ်သူတွေ ဖြစ်ကြတာ။ နောက်တော့ စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနဲ့ ခင်နီလာထွေးက ထပ်ပြီး ချစ်ကြိုက်ကြတယ်။ အဲဒီမှာ တပ်ကြပ်ကြီးက မခံမရပ်နိုင်ဖြစ်ပြီးတော့ လိုက်ရှာပြီး စုံတွဲတွေ့တော့ ပစ်သတ်တာ။ စရဖ ဗိုလ်ကြီး ကျော်မျိုးဦးက ရင်ဘက်မှာ သေနတ်ဒဏ်ရာ ၃ ချက်နဲ့ ပွဲချင်းပြီးပဲ ဆုံးတယ်။ ခင်နီလာထွေးက ရင်ဘတ်ကို ၂ ချက်မှန်ပြီးတော့ ဆုံးတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
အခင်းဖြစ်ပွားပြီးနောက် ပွင့်ဖြူဝါတပ်မှ စစ်သားများနှင့် လယ်ကိုင်းမြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြောင်း၊ တပ်ကြပ်ကြီး ကိုပုက ဖမ်းဆီးခံခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီတွင် နယ်မြေခံတပ်နယ်မှူး၏ အမိန့်ဖြင့် သေဆုံးသွားသော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးတို့၏ ရုပ်အလောင်းများကို သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
“သေဆုံးသူ စရဖ ဗိုလ်ကြီးကျော်မျိုးဦးက မန္တလေးကပါ။ ပစ်ခတ်တဲ့ တပ်ကြပ်ကြီး ကိုပုက ကျောက်ပန်းတောင်းသား။ ခင်နီလာထွေးက ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာဇာတိသူပါ။ တပ်က အဲဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုတာမျိုး မလုပ်ဖို့နဲ့ ပြီးတာတွေ ပြီးစေတော့ဆိုပြီး ကန့်သတ်တယ်။ အဓိက ပြဿနာပြန်ချုပ်ရင်တော့ လူမှုရေး ပြဿနာဖြစ်ကြတာ။ အခင်းဖြစ်တာက လယ်ကိုင်းမြို့ ၊ ကိုမောင်နိုင်ရဲ့ အိမ်ထဲမှာ ဖြစ်တာ။ ကိုမောင်နိုင်ဆိုတာ ခင်နီလာထွေးနဲ့ တပ်ကြပ်ကြီး ကိုပုတို့ရဲ့ မိတ်ဆွေ။ သူတို့ မကြာခဏ ချိန်းတွေ့နေတဲ့ အိမ်” ဟု ပွင့်ဖြူမြို့နယ်မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
နှစ်လောင်းပြိုင် ပစ်ခတ်သတ်ဖြတ်ခဲ့သူ တပ်ကြပ်ကြီး ကိုပုကို လတ်တလော စစ်တပ်က စစ်စည်းကမ်းအရ အရေးယူမည်ဖြစ်ပြီး လယ်ကိုင်းမြို့ရဲစခန်းကလည်း လူသတ်မှုဖြင့် ဆက်လက် အမှုဖွင့် အရေးယူမညဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်တပ်မှ သေဆုံးသွားသော ဗိုလ်ကြီး ၁ ဦး၏ နာရေး ပြင်ဆင်ထားမှု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




