21 C
Yangon

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု မလောင်ကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု မိသားစုတစ်စုတည်းမှ ပြည်သူ ၃ ဦး သေဆုံးပြီး ၇ လသား အရွယ် ကလေးငယ် ၁ ဦးသာ အသက်ရှင် ကျန် ရစ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု မလောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချခဲ့ရာ မိသားစုတစ်စုတည်းမှ ပြည်သူ ၃ ဦး သေဆုံးကာ ၇ လသား အရွယ် ကလေးငယ် တစ်ဦးသာ ကျန်ရစ်ခဲ့ကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန် ဖားကန့်၊ မလောင်ကျေးရွာရှိ ဦးဇော်လွင်ဦး နေအိမ်သို့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲခဲ့ကြောင်း၊ မိသားစုဝင် ၃ ဦးစလုံး သေဆုံးသွားကြောင်း သိရှိရသည်။

“မလောင်ကျေးရွာက ဦးဇော်လွင်ဦးနေအိမ်ကို စစ်ကောင်စီက ဒရုန်း ၂ လုံးနဲ့ ကြဲတာ မိသားစု ၃ ယောက်‌ သေသွားတယ်။ ၇ လ အရွယ် ကလေးတစ်ယောက် အသက်ရှင် ကျန်ရစ်တယ် ဒဏ်ရာရတာ မရှိဘူး။ ကျန်တဲ့ မိသားစုဝင် အဖေ အမေက ပွဲချင်းပြီး သေသွားတယ်။ စစ်ကောင်စီက ပြည်သူတွေ ရှိတဲ့ဘက်ကို တိုက်ပွဲ ဖြစ်ပွားခြင်းလည်း မရှိဘဲနဲ့ ဒရုန်းတွေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တယ်” ဟု ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၇ ရက်နေ့ ည ၁၂ နာရီအချိန် ဖားကန့်မြို့နယ် အေးမြသာယာ အုပ်စုရှိ မြောက်ဖြူဘုန်ကြီးကျောင်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲချခဲ့၍ ဆွမ်းစားကျောင်းဆောင်ပျက်စီးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မကုန်းမှလည်း ည ၇ နာရီကျော်မှ စ၍ လက်နက်ကြီးများနှင့် တောက်လျှောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ဖားကန့် အေးမြသာယာအုပ်စုပေါ့ မြောက်ဖြူ ဘုန်းကြီးကျောင်းကို ၁၂၀ မမ ၂ လုံး ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်တယ်။ တိုက်ခိုက်တော့ ဘုန်း ကြီးကျောင်း ၊ ဆွမ်းစားကျောင်းဆောင် ထိခိုက်ပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ တစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။ အဲဒီလို အခြေအနေရှိတယ်။ မနေ့ည ၇ နာရီကျော်ကလည်း တပ်မကုန်းကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ ဖားကန့်တစ်ဝိုက်ကို တိုက်ပွဲ မဖြစ်ဘဲနဲ့ ပြည်သူတွေ ရှိရာ ရည်ရွယ်ချက်ရှိရှိ လက်နက် ကြီးနဲ့ ပစ်ခတ်နေတာပေါ့” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖားကန့်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများနှင့် ပြည်သူများ ရှိရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူများ ၁၀၀ နီးပါး သေဆုံးခဲ့ရပြီး ၃၀၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article