ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်နှင့် ကသာမြို့နယ် ၊ မကွေးတိုင်း မြိုင်မြို့နယ် ၊ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်ကGyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ကျေးရွာပြင်ပကိုသာ ဗုံးများကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ရေတာရှည်ကို ကျဲတာက စစ်တောင်းမြစ် အရှေ့ဘက်ကိုကျဲသွားတာ ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး။ နေအိမ်တွေလည်း ပျက်စီးမှုမရှိဘူး။ ရွာပြင်ကို ဗုံးကျတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့ထိ ဗန်းမောက်မြို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း နေအိမ်များ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် SNA အဖွဲ့သည် ဗန်းမောက်မြို့ကို ပြန်လည် ရရှိရန် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း မြို့ထဲကို ဝင်ရောက် နိုင်ခြင်းမရှိသေးကြောင်း၊ စစ်တပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှု များပြားကြောင်း ဗန်းမောက်မြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကသာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကသာမြို့နယ် အတွင်းရှိ နမ့်စမ်းကျေးရွာစာသင်ကျောင်း၊ ကျောက်ထုံးကြီးကျေးရွာနှင့် ကပ္ပလိပ်ကျေးရွာတို့ကို လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှု အတွင်း ကျောက်ထုံးကြီးကျေးရွာမှ အမျိုးသမီး ၂ ဦး ၊ ကပ္ပလိပ်ကျေးရွာမှ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၁ ဆောင်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“လေယာဉ်နဲ့ကျဲတာကတော့ ထိခိုက်မှုမရှိဘူး။ လက်နက်ကြီးပစ်တာကတော့ ပြည်သူတွေ ထိခိုက်မှုရှိပါတယ်” ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
မြိုင်မြို့နယ်၊ မကျီးစုရွာကိုလည်း ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာစာသင်ကျောင်း အနီး ဗုံးများကျရောက် ပေါက်ကွဲကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကိုလည်း အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် လေယာဉ် ၂ စီးဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်းပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီးမော့ဆို အနောက်ခြမ်းကို မနေ့ကညကကျဲတာ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ လေယာဉ် ၂ စီးနဲ့ ၄ ကြိမ်ကျဲသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





