26 C
Yangon

ထိုင်း-မြန်မာနယ်စပ်၊ မင်းလက်ပံတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၍ သောင်းရင်း မြစ်ကမ်းကူး နယ်စပ်လှေဂိတ်များ ပြန်လည်ပတ်ရန် မလွယ်ကူသေး၊ ကျားဖြန့်များရှိရာ မင်းလက်ပံကျေးရွာတွင် ယနေ့ မီးလောင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

ထိုင်း- မြန်မာနယ်စပ်၊ မြဝတီမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျလို့ ပိတ်ထားတဲ့ မဲဆောက်- မြဝတီ ကုန်ပစ္စည်းသယ်ယူနေတဲ့သောင်ရင်းမြစ်ကမ်းက လှေဂိတ်တွေကို တစ်ပတ်အကြာမှာထိုင်း အာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ပြန် မလည်ပတ်နိုင်သေးဘူးလို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

မဲဆောက်- မြဝတီ ကုန်ပစ္စည်းသယ်ယူနေတဲ့သောင်ရင်းမြစ်ကမ်းက လှေဂိတ်တွေကို နိုဝင်ဘာလ ၃၀ ရက်နေ့ကစပြီး ထိုင်းအာဏာပိုင်တွေက ပိတ်သိမ်းခဲ့ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထိုင်းဘက်က နယ်စပ် လှေကူးဂိတ်တွေကို ပြန်လည် ဖွင့်လှစ်ပေမယ့်လည်း မြန်မာဘက်က အဆင်သင့် မဖြစ်တဲ့အပြင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“အခုက လှေဆိပ်တွေက ထိုင်းဘက် ဖွင့်ပေမယ့် ဒီဘက်မှာက ပုံမှန် ပြန်မလည်ပတ်နိုင်သေးဘူး။ မင်းလက်ပံမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ဒီနေ့ မီးတွေပါလောင်နေတယ်။ အခြေအနေက ဘာမှ မရေရာဘူး။ BGF နဲ့ စစ်တပ်ကြားမှာလည်း ကျားဖြန့်ကိစ္စက အဆင်မပြေမှုတွေ ရှိတယ်ကြားနေရတယ်။ မြ၀တီမြို့ပေါ် တံတား ၁ ဘက်မှာ ဒရုန်းဗုံးကျတာတွေလည်းရှိတော့ မြ၀တီမြို့ပေါ်ရော ဒီဘက်တွေမှာရော မတည်မငြိမ်တွေ ဆက်ဖြစ်နေတုန်းပဲ” လို့ မဲဆောက်-မြ၀တီနယ်စပ်ကုန်သည်တစ်ဦးက ဆိုပါတယ်။

မြန်မာ ဘက်အခြမ်းမှာ စစ်အုပ်စုတပ် နဲ့ တော်လှန်ရေး တပ်တွေ အကြားတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အပြင် မြန်မာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ကျရောက်လာတာကြောင့် သောင်းရင်းမြစ်ကမ်းက ကုန်သွယ်ရေး ဂိတ်တွေ ကို ထိုင်းစစ်တပ်က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းက နယ်စပ်ဂိတ်တွေ ထိုင်းဘက်က ပြန်လည်ဖွင့် လှစ်ခဲ့ပေမယ့် မြ၀တီမြို့နယ်၊ မင်းလက်ပံမှာတော့ စစ်တပ်နဲ့ KNLA တပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသေးတယ်လို့ သိရပါတယ်။

လက်ရှိ မင်းလက်ပံမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး လက်နက်ကြီးကျည်တွေ ထိုင်းဘက်အခြမ်း မဲ့ကုတ်ကင်းကျေးရွာဘကကို ထပ်မံ ကျလာမယ်ဆိုရင် ထိုင်းစစ်တပ်က အင်အားသုံးဖြေရှင်းမယ်လို့ ဆိုနေတာကြောင့် နယ်စပ် လှေဂိတ်တွေ ပြန်ပိတ်သွားနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တချို့ကလည်း သုံးသပ်နေပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး စစ်တပ်နဲ့ KNLA တပ်အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြန်မာဘက်မှ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်က ထိုင်းထဲ ကျရောက်ပေါက်ကွဲပြီး ထိုင်းနိုင်ငံသား ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာ ၁ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်အချိန်မှာလည်း မြန်မာနိုင်ငံဘက်မှ ပစ်ခတ်တဲ့ ကျည် ဆန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဘက်အခြမ်းရှိ မဲ့ကုတ်ကင်း ကျရောက်ပြီး အသက် ၆၇ နှစ်အရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီးကြီးရဲ့ ဘယ်ဘက်ခြေထောက်ကို ထိမှန်ခဲ့ပါတယ်။

ထိုင်းစစ်တပ်က လက်နက်ကျည်ဆန်တွေ ထိုင်းဘက်အခြမ်းသို့ ကျရောက်နေမှုနဲ့ပတ်သက်လို့ မြန်မာဘက်အခြမ်းသို့ တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာလည်း လုံခြုံရေး ပိုမို တင်းကျပ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာဘက်ကိုလည်း ထိုင်းစစ်တပ်က မီးခိုးဗုံးတွေ ပြန်လည် ပစ်ခတ်ခဲ့ပါသေးတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှာလည်း ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက် ကြီးတွေကျရောက်ခဲ့လို့ သောင်ရင်းမြစ်ကို ဖြတ်ကူးနေတဲ့ နှစ်နိုင်ငံ နယ်စပ်လှေဂိတ်တွေအားလုံးကို ထိုင်းအာဏာပိုင်တွေက ၇ ရက် တိတိ ပိတ်ပင်ခဲ့ပါတယ်။

မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးရှိ ကျားဖြန့်ရုံတွေကို KNU က နိုဝင် ဘာလ ၂၁ ရက်နေ့ သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီနေရာမှာရှိတဲ့ ကျားဖြန့် အလုပ်ရုံနှင့် ဝင်းတွေကို စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်နေချိန်မှာ စစ်တပ်က ထိုးစစ်ဆင်မှုတွေ တဟုန်ထိုးလုပ်လာတာလည်းဖြစ်ပါတယ်။

Photo – Addy ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article