26 C
Yangon

ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးနှင့် ပျူစောထီး ၄ ဦးတို့ သေနတ် ၄ လက်၊ ခဲယမ်းများ ယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးနှင့် ပျူစောထီး ၄ ဦးတို့က သေနတ် ၄ လက်နှင့်ခဲယမ်းများ ယူဆောင် အလင်းဝင်လာကြောင်း Mawlaik Revolution မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလနှင့် ဒီဇင်ဘာလ ၇ ရက်နေ့တို့တွင် ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးနှင့် ပျူစောထီး ၄ ဦးတို့က သေနတ် ၄ လက်နှင့် ခဲယမ်းများယူဆောင်လာပြီး မော်လိုက်ခရိုင် အမှတ်(၂၊၄)တပ်ရင်းများသို့ဆက်သွယ် အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုအလင်းဝင်ရောက်လာသူများကို ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက ၅ ဦးပါ။ ပျူစောထီး ၄ ဦးနဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ဦးပါ။ ပြည်သူ့စစ်နဲ့ပြည်သူ့စစ်မှုထမ်းထဲပေါ်တာဆွဲခံရတဲ့သူတွေပါ။ ကြိုတင်ချိတ်ဆက်တာမျိုးတော့မရှိပါဘူး။ မိမိတပ်တည်နေရာကိုလက်နက်ယူဆောင်ခဲ့ပြီး ပြေးလာတာပါ။ အလင်းဝင်ရောက်လာတာက ပျူစောထီး ၄ ဦးနဲ့ ပစ ၁ ဦး အလင်းဝင်ရောက်လာတာပါ။ အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ဦးကတော့ ခလရ ၂၂၂ ဟုမ္မလင်း အခြေစိုက်ပါ။ ပျူစောထီး ၄ဦးကတော့ မော်လိုက်မြို့နယ်ထဲကပါ။ ပျူစောထီး ၃ဦးနဲ့ ပစ ၁ ဦးတို့ကတော့ အောက်တိုဘာလထဲမှာ အလင်းဝင်ရောက်လာတာပါ။ နောက်ထပ် ပျူစောထီး၁ ဦးကျတော့ ဒီဇင်ဘာလ ၇ ရက်နေ့က အလင်းဝင်ရောက်လာတာပါ။ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်း တပ်သားသစ်၁ ဦးကတော့ စစ်မှုထမ်းအပတ် ၇ ကပါ။ ဗထူးမှာ တက်ရောက်ခဲ့ပါတယ်။ မတွေးတိုင်း၊ မင်းဘူးခရိုင် စကုမြို့နယ်ဘက်ကပါ။ နောက်ထပ်အလင်းဝင်လာမယ့်သူတွေကိုလဲ မော်လိုက်တော်လှန်ရေးအင်အားစုတွေက ကြိုဆိုနေပါတယ်”ဟု Mawlaik Revolution မှ တာဝန်ရှိသူကသည်။

နိုဝင်ဘာ တတိယပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်လာသည့် စစ်သား နှင့် ပြည်သူစစ် ၂၀ ဦးရှိပြီး တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၁၂ ဦး ရှိခဲ့ကြောင်း၊ အလင်းဝင်လာသူများမှာ စစ်ကိုင်း တိုင်းမှ ၃ ဦး ၊ ကရင် ပြည်နယ်မှ ၇ ဦး ၊ မကွေးတိုင်းမှ ၁ ဦး ၊ တနင်္သာရီတိုင်းမှ ၁ ဦး ၊ ပဲခူးတိုင်းမှ ၇ ဦး နှင့် မန္တလေးတိုင်းမှ ၁ ဦးတို့ ဖြစ်ကြောင်း၊ အလင်းဝင် စစ်သား ၂၀ အနက် ၁၅ ဦးမှာ အဓမ္မစစ်မှုထမ်း တပ်သားသစ်များဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၂ ဦး ရှိပြီး မကွေးတိုင်းမှ စစ်သား ၇ ဦး၊ မန္တလေးတိုင်းမှ ပြည်သူ့ စစ် ၅ ဦးတို့ ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ တတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက် နက်ချ၊ စစ် သုံ့ပန်း စုစုပေါင်း – ၂၄၁၈ ဦးအထိရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article