ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ပြည်သူများ ဆေးကုသမှု ခံယူနေသော မြောက်ဦး ဆေးရုံကြီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ရာ လူ ၃၀ နီးပါးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ရခိုင်ဒေသတွင် လူမှုကူညီရေး ဆောင်ရွက်နေသူ စာရေးဆရာဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်အချိန် အကြမ်းဖက်စစ်တပ်က မြောက်ဦးမြို့နယ်ရှိ ပြည်သူများ ဆေးကုသမှု ခံယူနေသော ပြည်သူ့ဆေးရုံကြီးကို တိုက်လေယာဉ် ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ရာ ပြည်သူ ၃၀ နီးပါး သေဆုံးပြီး ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း သိရှိရသည်။
“သေဆုံးသူက ၃၀ လောက် အတည်ပြုလို့ရတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေ များလို့ သေဆုံးသူ တိုးလာနိုင်တယ်။ ဆေးရုံတစ်ခုလုံးကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်” ဟု မြောက်ဦးဒေသမှ စစ်ဘေးရှောင်များကို အကူအညီပေးနေသူ လူငယ်တစ်ဦးက ဆိုသည်။
စာရေးဆရာ ဝေဟင်အောင်ကလည်း သေဆုံးသူ ၂၉ ဦးရှိပြီး ဒဏ်ရာရရှိသူ များပြားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မြောက်ဦးဆေးရုံကြီးတစ်ခုလုံး မီးလောင်ကျွမ်းသဖြင့် ညတွင်းချင်း ငြိမ်းသက်ခဲ့ရကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သော်လည်း နောက်ထပ် လေယာဉ်ဖြင့် ဗုံးလာကျဲနိုင်၍ သတိဖြင့် ဆောင်ရွက်ခဲ့ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဓာတ်ပုံ – Deep Sigh နှင့် APM။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









