25 C
Yangon

မိုးကုတ်-မိုးမိတ်ဒေသကို ပြန်လည် ထိန်းချုပ်နိုင်ရေး NUG က PDF နှင့် ပကဖ တပ်ရင်းများကို စုစည်း၍ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းပြီး တိုက်ပွဲဝင်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

TNLA က စစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်သော မိုးကုတ်-မိုးမိတ်ဒေသကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အမျိုး သားညီညွတ်ရေးအစိုးရ- NUG က PDF နှင့် ပကဖ တပ်ရင်းများကို စုစည်း၍ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းပြီး တိုက်ပွဲဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့ ထုတ်ဖော်ပြောဆိုသည်။

မိုးကုတ်-မိုးမိတ်ဒေသသည် ထိလွယ်ရှလွယ်ဖြစ်သော နိုင်ငံရေးနှင့် စစ်ရေး အခြေအနေဖြစ်သောကြောင့် နယ်မြေကိစ္စနှင့် ပတ်သက်၍ အများစုက အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မျှော်လင့်ချက်များ ထားပြီးစောင့်ကြည့်ခဲ့ကြမှုကို ရှင်းရှင်းလင်း သိထားကြောင်း၊ တရားဝင် ထုတ်ပြန်ချက် မထုတ်ပြန်ခဲ့သော်လည်း စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့များကို ဖွဲ့စည်းပြီး ယင်းဒေသကို ပြန်လည် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း ဦးနေဘုန်းလတ်ကဆိုသည်။

“နယ်မြေတွေကိစ္စနဲ့ပတ်သက်ပြီးအများစုက အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မျှော်လင့်ချက်တွေထားပြီး စောင့်ကြည့်ခဲ့ကြတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ သို့သော် ထိလွယ်ရှလွယ်ဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ် အပေါ်မူတည်ပြီး တရားဝင်ထုတ်ပြန်ချက်တွေကို အဆောတလျက် မထုတ်ပြန်နိုင်ခဲ့တာကိုတော့ နားလည်ပေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီး ဒေသတွင်းရှိ PDF၊ ပကဖ တပ်ရင်းတွေကို စုစည်းလျက် အမိန့်ပေးကွပ်ကဲမှုစနစ်တခုတည်းအောက်ကနေ စစ်ဆင်ရေးကိစ္စတွေကို စနစ်တကျကွပ်ကဲဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ရေးကိစ္စများ မစတင်ခင် ထိခိုက်လွယ်ဒေသခံပြည်သူတွေကို ဘေးလွတ်ရာရှောင်တိမ်းနိုင်ဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့၊ ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက် ပေးနိုင်ဖို့တွေကိုပါ အချိန်နဲ့ တပြေးညီဆောင်ရွက်ခဲ့ပါတယ်။ ပြင်ဆင်မှုတွေအားလုံး ပြုလုပ်ပြီးချိန် နိုဝင်ဘာလ ၃၀ ရက်နေ့ ညကနေစတင်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲကြီး ၉ ပွဲ ဆင်နွှဲပြီးနောက်မှာ ရန်သူစိုးမိုးထားတဲ့ စခန်းကုန်းကြီးတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု ဦးနေဘုန်းလတ်က ရှင်းပြသည်။

ယင်းအပြင် မိုးကုတ်-မိုးမိတ်ဒေသသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်အုပ်စုကို ပြည်သူနှင့်အတူ လက်တွဲပြီး တိုက်ခိုက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့နှင့် အောက်တိုဘာလ ၂၈ ရက်နေ့တို့တွင် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိင်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် TNLA နှင့် အကြမ်းဖက်စစ်တပ်တို့ အပစ်အခတ်ရပ်စဲရန်၊ မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို ပြန်လည် ပေးအပ်ရန် သဘောတူညီခဲ့ကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က မိုးကုတ်နှင့်မိုးမိတ်ဒေသတို့သို့ ဝင်ရောက်လာခဲ့သည်။

စစ်တပ်ဝင်ရောက်လာပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်ပြီး မိုးကုတ်နှင့် မိုးမိတ်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်ခဲ့သည်။

KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး​ကြီးနော်ဘူကလည်း မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများရှိပြီး ABSDF ၊ PDF တို့နှင့်အတူ ပူးတွဲရှိနေကြောင်း၊ တပ်ပေါင်းစုအဖြစ် အတူတူနေထိုင်ပြီး အခြေချထားကြောင်း၊ KIA အနေဖြင့် TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့နှင့်ပတ်သက်၍ စစ်ရေးအရ ဆောင်ရွက်ရန် မရှိသော်လည်း ABSDF နှင့် PDF တို့၏ စစ်ရေးလှုပ်ရှားမှုများ လုပ် ဆောင်လာလျှင် KIA က ကူညီသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလအတွင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article