27 C
Yangon

ပေါက်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးပြီး ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများနှင့် ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့ မှ ကိုလရောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ မိတ္တီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ရွာပြင်တွင်ဗုံးများ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“စစ်ခွေးတွေက ဘာတိုက်ပွဲမှမရှိဘဲ ထန်းပေါက်ကုန်းရွာ စာသင်ကျောင်းကို ဗုံးကျဲသွားတာပါ။ ပြည်သူထိခိုက်ဒဏ်ရာတာမျိုးနှင့် နေအိမ်ပျက်စီးတာမျိုးမရှိပါဘူး” ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ အတွင်း ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် နှင့်ဒေသခံ ပျူစောထီးများ ပူးပေါင်းပြီး စစ်ကြောင်းထိုးခဲ့ကြောင်း၊ ယင်းစစ်ကြောင်း၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၁၆ ဦးသေဆုံးပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ ၁၉ ဦးရှိကြောင်း၊ ထို့ပြင် ဖမ်းဆီးခံရသော ပြည်သူ ၁၅ ဦး ၊ မိုင်းနင်းမိပြီး ကိုယ်အင်္ဂါဆုံးရှုံးသူ ၅ ဦး နှင့် မုဒိမ်းပြုကျင့်ခံရသူ ၁ ဦး ရှိကြောင်း သိရှိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနထံမှ သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် ကန်ပက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများက လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ကျေးရွာ ၁ ရွာအတွင်းကိုလည်း လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၁၅ လုံးထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဒီဇင်ဘာလ အတွင်း ကန်ပက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာတောတောင်များထဲသို့ အရေးပေါ် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article