27 C
Yangon

မြန်မာစစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို ရှုတ်ချရန်နှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအတွက် နေထိုင်ခွင့်ဗီဇာများ ဆက်ပေးရန် NUG နိုင်ငံခြားရေးဝန်ကြီးက တောင်ကိုရီးယားအမတ်များကို တွေ့ဆုံ တောင်းဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မြန်မာစစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို ရှုတ်ချရန်နှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာ သော နေထိုင်ခွင့်ဗီဇာများပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားဝန်ကြီးဒေါ်ဇင်မာအောင်က တောင်ကိုရီးယားအမတ်များနှင့် တွေ့ဆုံစဉ် တောင်းဆိုလိုက်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားအမျိုး သား လွှတ်တော်တွင် တောင်ကိုရီးယား လွှတ်တော်အမတ်များနှင့် ‌ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း၊စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှာ မြန်မာပြည်အတွက် အပြောင်းအလဲ ဖြစ်နိုင်မည် မဟုတ်ဘဲ၊ စစ်တပ်အုပ်ချုပ်မှု သက်ဆိုးရှည်ရန်သာ ဖြစ်၍ ကိုရီးယားလွှတ်‌တော်အမတ်များအနေဖြင့် မြန်မာစစ်အုပ်စု၏ တရားမဝင် ရွေးကောက်ပွဲကို ပြစ်တင်ရှုတ်ချသင့်ကြောင်း တောင်းဆိုသည်။

ယင်းအပြင် စစ်အာဏာသိမ်းကာလ ၅ နှစ်နီးပါးတွင် နိုင်ငံအဝှမ်း ပဋိပက္ခများ ပြင်းထန်နေပြီး၊ ပြည်သူ ၃ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်နေပြီး လူသားချင်းစာနာမှု အကျပ် အတည်းများ တိုးပွားနေကြောင်း ၊ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသော သံတမန်ရေးရာ ဆောင်ရွက်ချက်များ တိုးမြှင့်ရန်နှင့် စစ်အုပ်စုနှင့် မပတ်သက်သော လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်ပေးရန် ရှင်းလင်းဆွေးနွေးကြောင်း သိရှိရသည်။

ထို့ပြင် တောင်ကိုရီးယားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာသော နေထိုင်ခွင့်ဗီဇာများကို ဆက်လက်ထားရှိ အကူအညီပေးရန် NUG နိုင်ငံခြားရေးဝန်ကြီး တောင်းဆိုသည်။

မြန်မာ့အရေးဆွေးနွေးပွဲကို ဦးဆောင်စီစဉ်သူ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် အီယုန်ဆောန်က “မိမိတို့နိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်က အရေးပေါ် စစ်အုပ်ချုပ်ရေး၊ တနည်းအားဖြင့် အာဏာသိမ်းမှုကို ပြည်သူလူထုနဲ့ အမျိုးသားလွှတ်တော်ရဲ့ စွမ်းအားနဲ့ နှိမ်နင်းနိုင်ခဲ့ပါတယ်။ မြန်မာပြည်ဟာ ကိုရီးယားနိုင်ငံထက် အများကြီးပိုပြီး အသက်ပေးခဲ့ရ၊ နစ်နာခဲ့ရပေမယ့် ဒီမိုကရေစီ တည်ဆောက်ရေး မြန်မာပြည်သူတွေရဲ့ တိုက်ပွဲက ဆက်လက်ရှင်သန်နေတာကို ဂုဏ်ယူရသလို စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောဆိုကြောင်း သိရှိရသည်။

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် တောင်ကိုရီးယားအမတ်များ တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီမှ အီယုန်ဆောန်၊ အီဂျယ်ဂျောင်း၊ ဆောယောင်းဆော့ခ်၊ မင်ဗျောင်ဒေါ့ခ်၊ ယွမ်ထယ်ယောင်း၊ အီဂန်အီလ်၊ ဘတ်ဟုန်ဘဲ အမတ်များ၊ ပြန်လည်ထူထောင်ရေးပါတီမှ ဂင်ဂျွန်ဟျောင်း အမတ်၊ အခြေခံလစာပါတီမှ ယုန်ဟဲအင် အမတ် နှင့် ဆိုရှယ်ဒီမိုကရက်ပါတီမှ ဟန်ချန်မင် အမတ်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

NUG နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ဝင်များ၊ တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article