မန္တလေးတိုင်း၊ မိုးကုတ်အရှေ့ပိုင်း မြို့ပြင် ဆက်အင်းပြန့်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေး တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးကုတ်မြို့ပြင် ဆက်အင်းပြန့်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော် လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားရာနေရာကို မိုးကုတ်မြို့ အတွင်းရှိ မစိုးရိမ်တိုက်သစ်ဘုန်းကြီးတောင်ကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ဗျူဟာကုန်းမှ စစ်သားများက လက်နက် ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မိုးကုတ်မြို့ ဆက်အင်းပြန့်မှာ ဒီနေ့ မနက် ၁၀ နာရီ လောက်ကနေစပြီး အခုအချိန်ထိတိုက်ပွဲပြင်းထန်နေပါတယ်။ လက်နက် ကြီးသံတွေလည်း ကြားနေရပါတယ်။ လက်နက်ကြီးလက်နက်ငယ် အသံတွေ ဆက်တိုက် ကြားနေရတယ်။ မြို့ထဲမှာတော့ မဟုတ်ဘူး။ မြို့ပြင်ဘက်မှာဖြစ်နေတာ လက်နက်ကြီး ပစ်ကူပေးနေတာ အခုထိ ပစ်နေတာ လက်နက်ကြီးတွေက ဗျူဟာကုန်းနဲ့ မစိုးရိမ်တိုက်သစ် ဘုန်းကြီးတောင်ကုန်းပေါ်ကနေ ပစ်နေတာ နံနက် ၁၀ နာရီလောက်တည်းက စပြီးပစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မိုးကုတ်မြို့ပေါ်မှ စစ်ရှောင်သွားသော ပြည်သူများကိုလည်း မြို့ထဲသို့ ပြန်လည် ဝင်ရောက်ရန် ပြောဆိုနေပြီး လာရောက်နေထိုင်ခြင်းမရှိပါက နေအိမ်များကို ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။
မိုးကုတ်မြို့မှ TNLA ဆုတ်ခွာသွားပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်ပြီး မိုးကုတ်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ စခန်းကုန်း ၁ ခုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




