ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီးတွင် စစ်တပ်လက်အောက်ခံ BGF စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်းက ကျားဖြန့်ရွာအသစ်တည်နေပြန်ကြောင်း အဆိုပါဒေသအတွင်းသို့ ဆောက်လုပ်ရေးသုံး ပစ္စည်းများ ပို့ဆောင်ပေးနေရသော ကယ်ရီသမားများနှင့် ကရင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parks၊ ရွှေကုက္ကိုလ်၊ မင်းလက်ပံ အစရှိသော ကျားဖြန့်နေရာများမှာ နိုင်ငံတကာ၏ အာရုံစိုက်မှု ရရှိလာပြီး ဖြိုခွင်းမှုများ ကြုံတွေ့လာရပြီးနောက် စစ်တပ်လက်အောက်ခံ BGF များက ဒေါနတောင်ခြေနှင့် လူသူအရောက်အပေါက်နည်းသော ဒေသများသို့ ကျားဖြန့်အဆောက်အအုံနှင့်ဝင်းများကို ပြောင်းရွှေ့ တည်ဆောက်လာကြောင်း၊ လတ်တလော BGF ဗိုလ်တင်ဝင်း ဦးဆောင်သော တပ်များက သစ်ကတေကျေးရွာအနီးတွင် ကျားဖြန့် ဆိုက်နေရာ အသစ်များ တည်ဆောက်နေသကဲ့သို့ BGF စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်းကလည်း ကျော်ခို့ကျေးရွာအနီးတွင် ကျားဖြန့်ရွာအသစ်ကို တည်နေကြောင်း သိရှိရသည်။
“အခုက ကျားဖြန့် အမြစ်ပြတ်တာမဟုတ်ဘူး။ နေရာရွှေ့နေတာ။ သောင်ရင်းမြစ်ကမ်းဘေးကတော့ လူမြင်သူမြင်ရှိတော့ အခုက လူမမြင် သူမမြင် ဒေါနတောင်ခြေနဲ့ တောင်တွေကြားထဲကို ပြောင်းရွှေ့နေကြတာ။ BGF တွေက သူတို့ တပ်အလိုက် ကျားဖြန့် နေရာဝင်းအသစ်တွေ ဆောက်နေတယ်။ ရွှေကုက္ကိုလ် တာဝန်ခံ BGF ဗိုလ်မောင်ဝင်းက သူရဲ့ BGF ၁၀၁၅ တပ်ရင်းနား ကျော်ခို့ရွာအနီး ကြက်ဥတောင် နားမှာ ကျားဖြန့်ရွာအသစ်ကြီး တည်နေတယ်။ အဲဒီကျားဖြန့်ရွာသစ်နားမှာ BGF တပ်ရင်း ၃ ခုကြားထဲမှာ တည်နေတာ။ အပြင်လူလည်း သွားမရဘူး။ ဒါပေမယ့် ဂြိုလ်တု Satellite ကနေ ကြည့်ရင် သိနိုင်တယ်။ အရင်တောကြီးက မြေတွေရှင်းပြီး အဆောက်အအုံတွေ ဆောက်နေတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော BGF များက ကျားဖြန့် တရုတ်သူဌေးများကို တည်ဆောက်နေဆဲ ကျားဖြန့် နေရာသစ်များ တွင် ပြန်လည် နေရာချထားပေးနေပြီး ရေ၊ မီး၊ လမ်းနှင့် အင်တာနက် မပြည့်စုံသေးသည့်ကြားမှပင် တရုတ်ကျားဖြန့်မှာလည်း တဖွဲဖွဲ ဝင်ရောက်လာနေဆဲဖြစ်ကြောင်း သိရှိရသည်။
“အရမ်းအရေးကြီးတဲ့ တရုတ်ကျားဖြန့်ကြီးတွေကို BGF က သူတို့ ဌာနချုပ်နဲ့ စခန်းတွေမှာ ခဏထားတယ်။ ဒီဘက်မှာဆောက်တဲ့ ကျားဖြန့်နေရာသစ်တွေ ပြီးမှပဲ ရွှေ့မယ်ထင်တယ်။ အခုကျနော်တို့သိသလောက် ဒေါနတောင်ခြေမှာတင်ကို ကျားဖြန့်နေရာသစ် အနည်းဆုံး ၁၀ ခုထပ်မနည်း ဆောက်နေတာ။ အကုန်လုံး BGF က ဆောက်နေတာတွေချည်းပဲ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်လက်အောက်ခံ BGF များက ကျားဖြန့် နေရာသစ် ၁၀ ခုထက်မနည်းကို အလျှင်အမြန် တည် ဆောက်နေမှုတွင် စစ်တပ်နှင့် နယ်မြေခံတပ်များ၊ စစ်အရာရှိများက တရုတ်များနှင့် နိုင်ငံခြားသားများကို သယ်ယူ ပို့ပေးခြင်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် လိုအပ်သော လူသုံးကုန်၊ စားသောက်ကုန်များ သယ်ခွင့်ပေးခြင်း၊ စက်သုံးဆီများ သယ်ခွင့်ပေးခြင်းတို့အတွက် အကျိုးအမြတ် ပူးပေါင်းရယူပြီး ပါဝင်လျက်ရှိကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက် ဇော်မင်းထွန်းက ယမန်နေ့ ကျားဖြန့် နှိမ်နင်းရေး သတင်းစာရှင်းလင်းပွဲတွင် ကျားဖြန့်များကို အပြီး သတ်ချေမှုန်းမည်ဟု ထုတ်ပြန်ပြောဆိုထားသော်လည်း လက်တွေ့တွင် BGF ထိန်းချုပ်သော နယ်မြေများတွင် ကျားဖြန့် နေရာအသစ်များ ထပ်မံပေါ်ပေါက်လာနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ – BGF ဗိုလ်တင်ဝင်း တည်ဆောက်နေသည့် သစ်ကတေ့ကျားဖြန့်နေရာသစ်ဝင်းကြီးကို မြင်တွေ့ရစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar












