ရန်ကုန်၊ ဒီဇင်ဘာ ၁၅
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်အစပ်တွင် ပြည်သူ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း Popa Guerilla Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်ပြီး ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာများကို ဆက်တိုက်ဝင်ရောက် စီးနင်းပြီး ပြည်သူ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ်းဖြူရွာမှ နေအိမ် ၄ လုံးနှင့် စိတ္တိန်းရွာမှ ထမင်းဆိုင် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ထောင်နှင့်ချီသော ကျေးရွာနေ ပြည်သူများသည်လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။
ထိုသို့ ကျေးရွာများကို ဝင်ရောက် စီးနင်းသောင်းကျန်းနေသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် Popa Guerilla Force (Popa –PGF) တပ်ဖွဲ့ နှင့် အတူ မဟာမိတ်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ မီးရှို့သွားတာက ကမ်းဖြူရွာက နေအိမ် ၄ လုံးနဲ့ စိတ္တိန်းရွာက ထမင်းဆိုင် ၁ လုံးကို ရှို့သွားတာ ကျနော်တို့ တိုက်ခိုက်မှုမှာ စစ်ခွေးသေစာရင်းကိုတော့ အတည်မပြုနိုင်သေးဘူး။ ထိခိုက်ထားတဲ့ ခွေးတချို့ကို ညတွင်းချင်းကားနဲ့ ပြန်ပို့တယ်လို့တော့ သိရတယ်။ စစ်ကြောင်းထိုးရာ လမ်းတောက်လျှောက်က ပြည်သူ ၈၀ ကျော်ထိ ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းပုံစံမျိုး ခေါ်ဆောင်သွားတာ အဲ့စစ်ကြောင်းက အဓိကကတော့ ကျောက်ပန်းတောင်း-ညောင်ဦး အစပ်ကိုထိုးတာ တောင်သာနဲ့မလှိုင်ဘက်က စစ်ကြောင်းတွေနဲ့ ၄ ကြောင်းလောက်ထိုးတာ အခုတော့ ကျောက်ပန်းတောင်းနယ်က စစ်ကြောင်းကတော့ ပြန်ဆုတ်သွားပါပြီ” ဟု Popa Guerilla Force မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှ ပြန်လည် ဆုတ်ခွာသွားပြီး ၎င်းတို့ ဖမ်းဆီးလာသည့် ပြည်သူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခေါ်ဆောင်သွားသူတချို့လည်းရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Popa Guerilla Force (PGF) ၊ TTA-PDF (Drone Team) နှင့် Ah Nyar Myay Wings တို့ နှင့်အတူ အခြားသော မဟာမိတ်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




