26 C
Yangon

မြ၀တီမြို့နယ်၊ ဖလူးကျေးရွာအနီးတွင် ကျားဖြန့် အဆောက်အအုံသစ်များနှင့် ကင်းစခန်းများကို DKBA ဗိုလ်စောဆန်းအောင် နှင့် BGF ဗိုလ်မုတ်သုန်တို့က အမြန် တည်ဆောက်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူးကျေးရွာအနီးတွင် ကျားဖြန့် အဆောက်အအုံသစ်များ၊ ကင်းစခန်းများကို DKBA စောဆန်းအောင် နှင့် BGF ဗိုလ်မုတ်သုန်တို့က အမြန် တည်ဆောက်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KK Park ၊ ရွှေကုက္ကိုလ်၊ မင်းလက်ပံ၊ မြ၀တီမြို့ပေါ်တွင် စစ်တပ်က ကျားဖြန့်ဆိုက်များကို ဝင်ရောက် စီးနင်းလာပြီးနောက် BGF နှင့် DKBA တို့က ကျားဖြန့် နေရာအသစ်များကို အမြန်ချက်ချင်း တည် ဆောက်လျက်ရှိရာ ဖလူးကျေးရွာအနီးတွင် BGF ဗိုလ်မုတ်သုန်နှင့် DKBA စောဆန်းအောင်တို့က ကျားဖြန့် နေရာအသစ်များကို တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ ယင်းနေရာများတွင် လက်ရှိ ထွက်ပြေးလာသော ကျားဖြန့် တရုတ်သူဌေးများနှင့် ထိပ်ပိုင်း အရေးပါသူများကို ပြန်လည် နေရာချထားကြောင်း သိရှိရသည်။

“အဲ့ဒီနေရာက ဖလူးကြီး ရွာနဲ့ ဖလူးလေးရွာကြားမှာ DKBA ဗိုလ်စောဆန်းအောင်နဲ့ BGF ဗိုလ်မုတ်သုံ တို့က အဲ့နားကပြောင်း ခင်းတွေကို ကျားဖြန့်ဆိုက် အသစ်လုပ်နေကြတာ။ မြေတွေရှင်းပြီးတော့ အဆောက် အဦးအသစ်တွေ လုပ်နေတာပါ။ အရင်တုန်းက အဲ့နေရာက လေးကေ့ကော် စစ်ရှောင်တွေနေတဲ့ အမိုးပြာ စစ်ရှောင်စခန်းဆိုတာ အဲ့ဖလူးလေးရွာ အထွက်နားမှာရှိတယ်။ အဲဒီ ဖလူးကြီးရွာနဲ့ ဖလူးလေးရွာကြားမှာ DKBA ထိန်းချုပ်တဲ့ မြေကွက်အလွတ်တွေ ဧကရာဆယ်ချီရှိတယ်။ DKBA ဗိုလ်စိန်ဆိုတာလည်း ရှိတယ်။ အဓိက DKBA ပိုင်တဲ့ မြေကွက်တွေမှာတော့ အဲ့လိုတွေ ဆောက်နေတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ကျားဖြန့်နေရာဆိုက်သစ်များကို ရောက်ရှိခဲ့သော ဒေသပြည်သူတစ်ဦးကလည်း ဆောက်လုပ်နေသော အဆောက်အအုံသစ်များကို လက်နက်ကိုင် BGF များ စောင့်ကြပ်နေကြောင်း ပြောဆိုသည်။

“အဲဒီအဆောက်အဦး အဖြူ ၃ လုံးက ဆောက်ထားတာ မကြာသေးဘူး အသစ်တွေ။ အဲ့ဒီထဲမှာ တရုတ်တွေထားတယ်လို့ပြောတယ်။ အဲ့အဆောက်အဦးရှေ့မှာ ထိုင်နေတဲ့သူတွေက စစ်သားတွေ BGF တံဆိပ်တွေနဲ့ အကုန်လုံးက သေနတ်တွေကိုင်ထားကြတယ်။ သူတို့က မင်းလက်ပံက အဖွဲ့တွေ့ကို အဲ့နေရာကို ရွေ့ထားကြတာ။ တကယ့် အရေးပါတဲ့ ခေါင်းဆောင်ပိုင်းတွေကို သူတို့က အဲ့ဘက်ကို ရွေ့ထားတာ။ အဲ့ဒီမှာ လယ်ကွင်းထဲမှာလေ ဖောင်နေးရှင်း ချထားတဲ့ဟာတွေ တွေ့တယ်။ သိပ်မကြာသေးဘူး။ အဲဒါတွေလုပ်တာ ၁၀ ရက်လောက်ပဲရှိသေးတယ်။ အဲ့ ၁၀ ရက်အတွင်းမှာ ဖောင်ဒေးရှင်းကို ရှယ်လုပ်ထားတာ။ အဲ့ဒီနယ်မြေက ဗိုလ်စောဆန်းအောင်ရဲ့ နယ်မြေ DKBA ရဲ့နယ်မြေ၊ အဲ့မင်းလက်ပံကလည်း DKBA ရဲ့နယ်မြေ၊ အခု ဖလူး ကလည်း DKBA ရဲ့နယ်မြေ၊ ဒီအဆောက်အဦးတွေက ဘယ်မှာရှိတာလဲဆိုတော့ ဒီနေရာက ဖလူးလေး လို့ ခေါ်တယ် ဒါပေမယ့် ဖလူးမြို့သစ်လို့ လည်း သူကပြောတယ်။ ဖလူးကွက်သစ် ရွာတော့ရွာပဲ ပြောမယ်ဆို ဖလူးလို့လည်းခေါ်သလို့ ဖလူးမြို့သစ်လို့လည်းပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် DKBA ဗိုလ်စောဆန်းအောင် စိုက်ပျိုးနေသော ငရုတ်ခင်းများကိုလည်း တွေ့မြင်ခဲ့ရကြောင်း ဒေသပြည်သူက ဆက်လက်ပြောဆိုသည်။

“အဲ့ဒီဖလူးနားမှာပဲ ဗိုလ်စောဆန်းအောင်ရဲ့ ငရုတ်ခင်းလဲ ကျွန်တော်တို့တွေ့ခဲ့တယ်။ သူပြောတဲ့ ငရုတ်ခင်းကတော့ အခုမှစိုက်ထားတုန်းပဲရှိသေးတယ်၊ အသီးမသီးသေးဘူး၊ အပင်ပေါက်လေးတွေ မနည်းမများ အဲ့ဒီလယ်ကွင်းထဲမှာ ကားလမ်းရဲ့ ဟိုဘက်တစ် ခြမ်း ဒီဘက်တစ်ခြမ်း သူစိုက်ထားတာ ငရုတ်ပင်တွေ ဒါပေမယ့် အပင်ပေါက်ပဲရှိသေးတယ် အသီးမရှိသေးဘူး။ သူပြောတဲ့လေ သူဆီလာခဲ့လိုက် ငရုတ်သီးပဲရှိတယ်လို့ ပြောပေမယ့် အခုဟာ အပင်ပေါက်ပဲရှိသေးတာ အသီးလည်းမသီးသေးဘူး” ဟု ဒေသပြည်သူက ရှင်းပြသည်။

ယင်းအပြင် BGF စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်းတပ်ဖွဲ့ကလည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီးတွင်လည်းကောင်း၊ စစ်တပ်လက်အောက်ခံ BGF မှ ဗိုလ်တင်ဝင်းက ဒေါန တောင်ခြေ သစ်ကတေ့ကျေးရွာနှင့်ပတ်ဝန်းကျင်တွင်လည်းကောင်း ကျားဖြန့် အဆောက်အအုံအသစ်များ အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article