စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တမာတောရွာ ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးရုံ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) မှ သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီ ၁၂ မိနစ်ခန့်တွင် ရေဦးမြို့နယ် အနောက်ခြမ်း တမာတောရွာ ဆေးရုံကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဆေးရုံဝင်းအတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မနေ့က ညပိုင်းမှာ ရေဦးမြို့နယ် အနောက်ခြမ်း တမာတောရွာ ဆေးရုံကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်သွားတာပါ။ ပြည်သူတွေ ထိခိုက်မှုတော့ မရှိပေမယ့် ဆေးရုံဝင်း အတွင်းက ဆေးကုသပေးနေတဲ့ အဆောင်တွေ ထိခိုက်ပျက်စီးသွားတယ်” ဟု ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) မှ သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
အလားတူ အကြမ်းဖက် စစ်တပ်သည် ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင်လည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို တိုက်လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၅ ဦး သေဆုံးပြီး ၇၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar














