မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်သားများသည် ဧရာဝတီမြစ်ကြောင်းအနီးမှ အောက်ဘက်သို့ စုန်ဆင်းလာသော ပြည်သူ ၂ ဦးလိုက်ပါလာသည့် မော်တော် ၁ စီးကို လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ စဉ့်ကူးမြို့နယ်၊ ရေတော်ရွာ ရောက်ရှိနေသော အကြမ်းဖက် စစ်သားများကလည်း ကြာဥယျာဉ်ရွာကို ရောက်ရှိလာစဉ် ဧရာဝတီမြစ်ကြောင်းထဲ၌ မော်တော်မောင်းနေသော ပြည်သူများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက ဧရာဝတီမြစ်ကြောင်းထဲမှာ သွားလာနေတဲ့ ပြည်သူတွေ လိုက်ပါလာတဲ့ မော်တော်တွေကို လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်” ဟု စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ စကုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကလည်း ပြည်သူ ၂ ဦးကို ဖမ်းဆီး ပစ်သတ်သွားကြောင်း မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် စကုမြို့နယ်ရှိ ကျေးရွာများ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကုတင်ကုန်းရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာပြီး ကုတင်ကုန်းရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်တချို့ကို ဖျက်ဆီးပြီး ပြည်သူ ၂ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ရွှေကြောင်းရွာနှင့် ကူရွာမှ အသက် ၅၀ နှစ်အရွယ် နှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ ဦးကို တောတွင်း တနေရာ၌ ပစ်သတ်ကာ အလောင်းများကို စွန့်ပစ်ထားခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို တောထဲမှာ စွန့်ပစ်ထားခဲ့တာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တော့မှ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာ” ဟု မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




