ရန်ကုန်၊ ဒီဇင်ဘာ ၁၈
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ဒူးရှည် ပြည်သူ့စစ်အဖွဲ့က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး လူငယ် ၂၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးကာ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၃၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ပုသိမ်ကြီးမြို့နယ်၊ ကုန်တန်းရွာသို့ ပုသိမ်ကြီးမြို့နယ်အခြေစိုက် အရှင် မင်းကြီး ဒူးရှည် ပြည်သူ့စစ်အဖွဲ့က ဝင်ရောက်စီးနင်းပြီး လူငယ် ၂၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များမှာ အသက် ၂၀ နှစ်မှ အသက် ၃၁ နှစ်အရွယ်များဖြစ်ပြီး လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၃၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း၊ ငွေကြေးဖြင့် လာရောက် ရွေးထုတ်ခြင်းမရှိသော လူငယ်များကို ပျော်ဘွယ်စစ်မှုထမ်းစုဆောင်းရေးသို့ ပို့ဆောင်ကာ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၉၀ ဖြင့် ရောင်းစားခဲ့ကြောင်း သိရသည်။
“သူတို့က လူ ၁၀ ဦးပဲ ဆွဲမယ်ဆိုပြီး တကယ် ပေါ်တာဆွဲတော့ ၂၅ ဦးလောက်ပါသွားတယ်။ အသက် အရွယ်တွေကတော့ ၂၀ နဲ့ ၃၁ ကြားလူငယ်တွေကိုပဲဆွဲ သွားတာ။ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာမျိုးရှိတယ်။ လူငယ် ၂၅ ဦးထဲက ၁ ဦးကတော့ သိန်း ၁၃၀နဲ့ ပြန်ရွေးလို့ ညတွင်းချင်းပဲ ပြန်လွှတ်ပေးလိုက်တယ်။ လာမရွေးနိုင်တဲ့သူတွေကို ပျော်ဘွယ်သွားပြီး ရောင်းစားပါတယ်။ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပုသိမ်ကြီး GYW မိဘမဲ့ ဂေဟာ လမ်း ကြားမှာ သူတို့နေတဲ့ ခြံရှိပါတယ်။ အဲမှာ လူတွေကို ခြောက်ပေါက်ထဲထည့်ပါတယ် “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မုံရွာမြို့ပေါ်တွင်လည်း လူငယ်များကို မြို့နယ်ရဲမှူး ကိုယ်တိုင် ဦးဆောင်ပြီး ၆ ရက်တိတိ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ရာ လူငယ် ၉၀ ဦး ဖမ်းဆီးခံရကာ စစ်မှုထမ်း သင်တန်းကျောင်းသို့ ပို့ဆောင်ခံရကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရှင်းပြသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ မုံရွာမြို့ပေါ်တွင် လူငယ်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ဦးဆောင်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသူများမှာ အသက် ၂၅နှစ်အရွယ်မှ အသက် ၃၅နှစ်အရွယ်အထိ အမျိုး သားဖြစ်ပြီး လက်ရှိဖမ်းဆီးထားသူများကို မိသားစုဝင်များနှင့် တွေခွင့်မပေးခဲ့ကြောင်း၊ မုံရွာမြို့ စုပေါင်းရုံးနှင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲတွင် ဖမ်းချုပ်ခဲ့ကြောင်း၊ ယင်းနောက် တပ်မ ၃၃ တပ်ရင်းမှ တောင်ငူမြို့နှင့် တောင်ကြီးမြို့ရှိ စစ်မှုထမ်း သင်တန်းကျောင်းကို ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
“မုံရွာမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၀ရက်နေ့က အသံတိတ်သပိတ်အပြီး စစ်ခွေးတွေက အတင်းအဓမ္မပေါ်တာဆွဲခံလိုက်ရတဲ့ လူငယ်တွေပေါ့။ စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးထားသူများကို စုပေါင်းရုံးနဲ့ အနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ချုပ်နှောင်ပြီးတော့ တပ်မ ၃၃ တပ်ရင်းမှတစ်ဆင့် တောင် ငူမြို့နှင့် တောင်ကြီးမြို့မှာရှိတဲ့ စစ်မှုထမ်းသင်တန်းကျောင်းတွေဆီကို ပို့တယ်။”ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ရှင်းပြသည်။
အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ နှင့် ဒီဇင်ဘာလ ၇ ရက်နေ့များတွင်လည်း မုံရွာမြို့ပေါ် လမ်းဆုံလမ်းခွများတွင် လူငယ် ၃၀ ကျော်ကို အကြမ်းဖက် စစ်တပ်က အိမ်စီးကားများဖြင့် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




