ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီ မြို့နယ်တွင် ဘုရားသုံးဆူဘက်မှ တောလမ်းအတိုင်း ဝင်ရောက်လာသော တရားမဝင် မြန်မာနိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်များက တောနင်းရှာဖွေရာမှ တရားမဝင် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရရှိခြင်းဖြစ်ပြီး အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၉ ဦးတို့ပါဝင်ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်း ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီခရိုင်အတွင်းရှိ တောစပ်တစ်နေရာတွင် မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ ဝင်ရောက် လာသော မြန်မာနိုင်ငံသား ၅၀ ကျော်ကို ထိုင်းအာဏာ ပိုင်များ က ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော တရားမဝင် မြန်မာများတွင် အမျိုးသား ၂၇ ဦး နှင့် အမျိုးသမီး ၂၂ ဦး ၊ ကလေးငယ် ၃ ဦးတို့ပါဝင်ပြီး တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေး တံတားကို ယာယီနယ်စပ်ဖြတ်ကျော် လက်မှတ်ဖြင့် ဝင်ရောက်လာကြောင်း၊ ယင်းနောက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် အလုပ်လုပ်ကိုင်ရန် ကြိုးစားကြခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








