24 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်ဆောင်ရွက်မှုများအားလုံး ရပ်ဆိုင်းသွားခဲ့ပြီး စစ်တပ်က ထာ၀ရ အာဏာ တည်တံ့ခိုင်မြဲစေရေး ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဖြင့် ချုပ်ကိုင်ထားဟု KNU ဥက္ကဋ္ဌ ပြော

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်ဆောင်ရွက်မှုများအားလုံး ရပ်ဆိုင်းသွားခဲ့ပြီး စစ်တပ်က ထာ၀ရ အာဏာတည်တံ့ခိုင်မြဲစေရေး ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဖြင့် ချုပ်ကိုင်ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ကျရောက်သည့် ၂၇၆၅ ခုနှစ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သို့ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌ က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ အင်္ဂလိပ်ထံမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရယူခဲ့ပြီးနောက်ပိုင်း ၁၉၆၂ ခုနှစ်မှစတင် ၍ ဗမာစစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မ ရယူပြီး စစ်အုပ်ချုပ်ရေး ပုံစံအမျိုးမျိုးဖြင့် အုပ်ချုပ်လာခဲ့ကြောင်း၊ စစ်တပ်အုပ်ချုပ်မှုကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ်ဖြင့် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသဖြင့် အုပ်ချုပ်ရေး ပုံစံအမျိုးမျိုး ပြောင်းခဲ့သော်လည်း မဟာလူမျိုးကြီး ဝါဒစစ်အုပ်ချုပ်ရေးကို မပစ်ပယ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က တိုင်းပြည်အာဏာကို ထပ်မံ သိမ်းယူသည့်အတွက် နိုင်ငံရး နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်မှုများအားလုံး ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ဗမာစစ်တပ်အနေဖြင့် ယင်းကဲ့သို့ အဓမ္မ အာဏာသိမ်းမှုမှာ လူမျိုးစုများနှင့် ပြည်သူလူထု လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန် လုံး၀ လက်မခံနိုင်သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဗမာစစ်တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရေးထားတဲ့ အခွင့်အာဏာ ပေးထားတဲ့အတိုင်းပဲ စစ်တပ်ကနေ ကြီးစိုးချုပ်ကိုင်လိုတဲ့ ဆန္ဒပဲရှိပါတယ်။ အခုအချိန်မှာ စစ်တပ်က အဓမ္မအာဏာသိမ်း ထားတာ ၅ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို သံခင်းတမန်ခင်း နည်းလမ်းတွေ၊ စစ်ရေး နည်းလမ်းတွေ။ လူထုလှုပ်ရှားမှု နည်းလမ်းတွေနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေတာ များသထက် များလာ၊ အားကောင်းသထက် အားကောင်းလာနေပါတယ်။ နိုင်ငံတချို့ကလွဲရင် ကမ္ဘာ့နိုင်ငံအများ စုက အဓမ္မအာဏာသိမ်းယူထားတဲ့ စစ်အုပ်စုကို အသိအမှတ် မပြုကြပါဘူး။ နိုင်ငံရေး၊ စီး ပွားရေးနဲ့ ကူညီထောက်ပံ့မှုတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ပစ်လိုက်ကြပြီဖြစ်ပါတယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေပြီး ယင်းဥပဒေဖြင့်ပင် တိုင်းပြည်အာဏာကို ထာ၀ရ တည်တံ့ခိုင်မြဲနေစေရေး ချုပ်ကိုင်ခြယ်လှယ် သွားရန် လုပ်ဆောင် နေကြောင်း KNU က ထောက်ပြသည်။

“‘ဒီအတုအယောင် ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်ရဖို့အတွက်ကို ပြင်ဆင်စီမံနေပြီး စစ်ခေါင်းဆောင် အများအပြားဟာ ရွေးကောက်ပွဲမှာ ပါဝင် အရွေးခံပြီး အနိုင်ရဖို့ နည်းလမ်းမျိုးစုံ သုံးနေတာဖြစ်တယ်။ စစ်အာဏာရှင်အုပ်စုဟာ စစ်တပ်ထဲမှာ ရှိနေတဲ့ ဗမာလူမျိုးတွေနဲ့ မိတ်ဖက် ဆွေမျိုးများ အာဏာရရှိရေးနဲ့ ကြီးပွားတိုးတက်ရေးအတွက်ကို လုပ်ဆောင်နေတာပဲဖြစ်တယ်” ဟု KNU ဥက္ကဋ္ဌက ဆက်လက်ပြောဆိုသည်။

ကရင်တိုင်းရင်းသားများအနေဖြင့် မတူကွဲပြားမှုများကို ဘေးဖယ်ပြီး ကိုယ့်အဖွဲ့အစည်း အကျိုးစီးပွား အတွက်ကိုသာ ကြည့်တာမျိုး မလုပ်ဘဲ နိုင်ငံကအကျိုးစီးပွားအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article