စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကျေးရွာများမှ လစဉ် စစ်မှုထမ်း ဆက်ကြေး ကောက်ခံရန်နှင့် ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေ ဆုံးခဲ့ကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် မုံရွာမြို့နယ်၊ စက်တဲကွင်းရွာတွင် ယာယီအထိုင်ချကာ တပ်စွဲပြီး အနီးအနားကျေးရွာများမှ စစ်မှုထမ်း လစဉ်ဆက်ကြေး ကောက်ခံရန်နှင့် ရိက္ခာရှာရန် ထွက်လာသော အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း မဟာမိတ်တပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါထိတွေ့ တိုက်ပွဲမှာ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားသော နေရာမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ၂ မိုင်ခွဲခန့်သာ ကွာဝေးကြောင်း၊ ထို့ပြင် ကျောက်ဆစ်ပုံအမြှောက်တပ် (အမတ ၅၀၈) နှင့် ၁ မိုင်ခွဲခန့်သာ ကွာဝေးကြောင်း၊ ထို့ကြောင့် စစ်တပ် စစ်ကြောင်းများ အလုံးအရင်းဖြင့် စစ်ကူရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အချိန်မီ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး ပွဲချင်းပြီးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း နမခ တပ်စခန်း နှင့် အမတ (၅၀၈) အမြှောက်တပ်တို့က ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ခန့် ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေး ပူးပေါင်းမဟာမိတ်တပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး ထပ်တိုးသေစာရင်းကတော့ ဆက်လက် စုံစမ်းနေဆဲပါ။ စစ်ခွေးတွေဘက်က လက်နက်ခဲယမ်းတွေကို ကျနော်တို့ ကောက်ယူဖို့ လုပ်ဆောင်နေတုန်း စစ်ကူလာတာရယ်ကြောင့် မရရှိခဲ့ပါဘူး။ ကျည်ကုန်သွားလို့ လက်နက်တက်မကောက်နိုင်ခဲ့တာပဲ ရင်နာတာပါ။ အခုတိုက်ပွဲဖြစ်တဲ့နေရာက ကျောက် စစ်ပုံ အမြောက်တပ်နဲ့ နီးတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ခိုးသန်းရွာ တောင်ဘက်ကနေ တပ်ကူလာပြီး အလောင်းကောက်တာတွေ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို သယ်ပြီး စစ်ခွေးစစ်ကြောင်းက ပြန်ဆုတ်သွားပါတယ်။ စစ်ခွေးတွေက နမခထဲကို ပြန်ဆုတ်သွားပါတယ်။ ကျနော်တို့ဘက်က ကျည်ကုန်သွားလို့ တပ်ကူလာတော့ တက်မလုံးနိုင်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ၁ နာခွဲလာက်ရှိပါတယ်” ဟု Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Budalin Mobile Team- BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း)၊ကျောင်း သားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ မုံရွာခရိုင်တပ်ရင်း ၂ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပျောက်ကျား တပ်စိပ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ဓာတ်ပုံ – ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း၏ စစ်ဆင်ရေးအတွက် သေဆုံးခဲ့သော စစ်ကော်မရှင် တပ်သားများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





