စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် နှင့် မန္တလေးတိုင်း၊ တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် စီးနင်းမီးရှို့နေ၍ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်းမာပင်မြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်ပြီး ကျောက်မှော်ကျေးရွာသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ဒေသပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ ကျောက်မှော်ကျေးရွာအနီးဝန်းကျင် ကျေးရွာ ၁၀ ခုထက်မနည်းမှ ပြည်သူရာထောင်ချီ ထွက် ပြေးနေရကြောင်း သိရှိရသည်။
အဆိုပါ စစ်တပ် စစ်ကြောင်းက ဒီဇင်ဘာလ ၁၇ ရက်နေ့ ကျောက်ကုန်းရွာနှင့် နှောပင်ရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းက အနီးအနားရှိ ရွာများကိုလည်း ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်သောကြောင့် လက်ရှိချိန်တွင် သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ယင်းမာပင်မြို့နယ်ထဲကို စစ်ခွေး စစ်ကြောင်းက ဒီဇင်ဘာလ ၁၆ ရက်နေ့တည်းက စစ်ကြောင်းထိုးလာတာ အခုထိလည်း ကျေးရွာတွေကို ဆက်လက် စစ်ကြောင်းထိုးနေတုန်းပဲ သောင်းနဲ့ချီတဲ့ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်ခွေးစစ်ကြောင်းက အခုထိရှိသေးတော့ နေအိမ် ပျက်စီးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ တောင်သာမြို့နယ်တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က မိုးနှောင်းခင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် မိုးနှောင်းခင်းကျေးရွာရှိ နေအိမ် ၇ လုံးအား မီးလောင်ပြာကျကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် မြေဖြူကုန်းရွာမှ တဆင့် နန်းမြင့်ရွာဘက်သို့ ရောက်ရှိနေပြီး နန်းမြင့်ကျေးရွာအတွင်းရှိ ပြည်သူပိုင် ကားများကို လိုက်လံချောဆွဲနေကြောင်း၊ စစ်တပ် စစ်ကြောင်းကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက မိုးနှောင်းခင်းရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၇ လုံးကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရတယ်။ စစ်ခွေးတွေက အခုထိ စစ်ကြောင်းထိုးနေတုန်းပဲ ပြည်သူတွေလည်း ဘေးလွတ်ရာကို ရှောင်နေရတယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








