26 C
Yangon

“ဖေ့စ်ဘုတ်ပေါ်က Trolling Page များရဲ့ အန္တရာယ်”

Must read

By နေဘုန်းလတ်

အခုရက်ပိုင်း ဖေ့ဘုတ်စ် လူမှုကွန်ရက် Online ပေါ်မှာ Trolling လုပ်တဲ့ စာမျက်နှာတွေ အတော်များလာတာကို သတိထားမိတယ်။ Troll ဆိုတဲ့ စကားလုံးက ရိုးရိုးဘာသာပြန်ရင်တော့ ဒဏ္ဌာရီလာ လူ့ဘီလူးကြီးတွေပေါ့။ Troll ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတောင် တပိုင်းထွက်ထားဖူးပြီး မကြာခင် ဒုတိယ တကားထွက်ဖို့ရှိပါသေးတယ်။

ဒါပေမယ့် Troll ဆိုတဲ့ စကားလုံးကို ဗန်းစကားအနေနဲ့ နည်းပညာလောကမှာ သုံးကြတဲ့ အဓိပ္ပါယ်နောက်တမျိုးရှိပါသေးတယ်။ အဲဒါကတော့ ဒီလိုပါ …

In modern slang, a “troll” is a person who deliberately posts inflammatory, offensive, or provocative content online to intentionally upset others, provoke a reaction, or disrupt an online community. The act of doing this is called “trolling,” and it often stems from a desire to cause conflict, cause amusement, or bully others for their own entertainment.

အခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့၊ တခုခု ပြန်တုံ့ပြန်လာစေဖို့ ဒါမှမဟုတ် အွန်လိုင်းရပ်ဝန်း တခုခုကို ပျက်စီးစေဖို့ ဒေါသဖြစ်အောင်နှိုးဆွတဲ့၊ ရန်လိုတဲ့၊ လှုံ့ဆော်တဲ့ အကြောင်းအရာများကို အွန်လိုင်းမှာ ရည်ရွယ်ချက်ရှိရှိ တင်တဲ့သူကို ဆိုလိုပါတယ်။ ဒီလို လုပ်တာကို “trolling” လို့ခေါ်ပြီး ဒါဟာ ပဋိပက္ခဖြစ်စေချင်တဲ့စိတ်၊ ပျော်ချင်တဲ့စိတ် ၊ ကိုယ့်စိတ်အာသာဖြေဖို့ အခြားသူကို အနှောက်အယှက်ပေးချင်တဲ့ စိတ်တွေကနေ ပေါက်ဖွားလာလေ့ရှိပါတယ် … တဲ့။

ဒီလောက်ဆို Trolling Page တွေက ဘယ်လို အကြောင်းအရာမျိုးတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ တင်လေ့ရှိကြသလဲဆိုတာနဲ့ပတ်သက်ပြီ ကျွန်တော်တို့ နည်းနည်းတော့ တွေးဆ မိကြပြီထင်ပါတယ်။

အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံမှာက စစ်မိစ္ဆာတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား သတင်းတိုက်ပွဲ ပါ ဆင်နွှဲနေရတဲ့ကာလဖြစ်ပြီး စစ်မိစ္ဆာတွေဘက်က ၆၈၀၀ စားတွေအပြင် အခြားသော ငွေကြေးအရင်းအမြစ်၊ လူ့အရင်းအမြစ်များစွာကိုသုံးပြီး သတင်းတု၊ သတင်းမှား၊ သတင်းယောင်တွေကို အင်တိုက်အားတိုက်ဖြန့်ချိရေး လုပ်လာလေတော့ကာ ဒီ Trolling Page တွေရဲ့ ရည်ရွယ်ချက်တွေထဲမှာ တော်လှန်ရေးကိုပုံဖျက်ဖို့၊ မီဒီယာကို မီဒီယာနဲ့ တိုက်ဖို့ဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေပါ ရှိနေမှာ သေချာသလောက်ရှိပါတယ်။

ခက်တာက တော်လှန်ရေးဘက်မှာလည်း မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ Troll တာမျိုးမဟုတ်ဘဲ အပျော်သက်သက် နဲ့ ဖျော်ဖြေရေးအတွက် လုပ်ကြတဲ့ Page အချို့နဲ့ အကောင့်အချို့ရှိနေတော့ကာ တခါတခါ ရည်ရွယ်ချက်ဆိုးနဲ့လုပ်ကြတဲ့ Trolling Page တွေနဲ့ ရောပြီး သူ့ဘက်ကလား ကိုယ့်ဘက်ကလားဆိုတာမျိုး မခွဲခြားနိုင်ဘဲ ရောသွားတတ်တဲ့သဘောလဲရှိနေတတ်ပါတယ်။ ဒါပေမယ့် ပို့စ်တွေတိုင်းကို သေချာဖတ်၊ Page တွေရဲ့ လာရာနဲ့ လားရာကို သေချာလေ့လာမယ်ဆိုရင်တော့ တော်လှန်ရေးဘက်ကလား အခြားကလားဆိုတာ ခွဲခြားလို့တော့ရနိုင်ပါတယ်။

အခုတလော နာမည်ကြီးလာတဲ့ Trolling Page တခုကို ပြပါဆိုရင်တော့ Revolution Entertainment လို့ အမည်တပ်ထားတဲ့ Page ကို ပြချင်ပါတယ်။

“ပြုံးပြုံးလေး ရုပ်ရှင်က မရယ်ရဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော”၊ “မြန်မာစစ်တပ်နဲ့ NUG အပါ တော်လှန်ရေးအင်အားစုများ အင်ဒိုနီးရှားတွင် အလွတ်သဘောဆွေးနွေးပွဲလုပ်” ၊ “NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် နှင့် သူ့ကို မနှိုင်းရန် ဗိုလ်ချုပ်ဇော်မင်းထွန်းပြော” စတဲ့ Trolling Post တွေနဲ့ ဖေ့စ်ဘွတ်လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ အတော်လေးပေါက်လာတဲ့ Page လို့ ပြောလို့ရပါတယ်။ အဲဒီ့ Page ရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်တဲ့အခါ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတည်းက “Naung Mon Amarapura” နာမည်နဲ့ စဖွင့်ထားတဲ့ Page ဆိုတာတွေ့ရပါတယ်။

အဲဒီ့နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ “Naung Naw Naw” , ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ “ဟားတော်မူ”, ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ “Jade Naung Mon”၊ ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့မှာ “Eh Kaw Htoo”၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ “Idea Ba Kyauk” စသဖြင့် နာမည်အကြိမ်ကြိမ်ပြောင်းခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ရောက်မှာ အခုနာမည်ဖြစ်တဲ့ “Revolution Entertainment” ဆိုတာကို ပြောင်းထားတာတွေ့ရပါတယ်။ Page ကိုကိုင်တွယ်ဆောင်ရွက်နေတဲ့ Admin က ၂ ယောက်ရှိပြီး ထိုင်းနိုင်ငံကနေ အသုံးပြုနေတယ်လို့ ပြပါတယ်။

ဒီ Page ရဲ့ ပို့စ်တွေကို လေ့လာကြည့်တဲ့အခါ မှန်တဲ့အချက်အလက်အချို့နဲ့ မမှန်တဲ့အချက်အလက်အချို့ကို ရောရေးပြီး လူစိတ်ဝင်စားအောင် ဟာသနှော တင်ဆက်တဲ့ ပုံစံနဲ့ ရေးထားတာများတာကိုတွေ့ရပါတယ်။ ပို့စ်တွေကို သတင်းသမားအမြင်နဲ့ ဒါမှမဟုတ် ဝါရင့်သတင်းစားသုံးသူအနေနဲ့ သေချာဖတ်ကြည့်မယ်ဆိုရင် အမှန်မဟုတ်ဘူးဆိုတာကို သိနိုင်ပေမယ့် သာမာန်လူအတော်များများကတော့ အမှန်လို့ ထင်သွားနိုင်တဲ့ အရေးအသားမျိုးတွေဖြစ်နေတာတွေ့ရပါတယ်။ ရယ်စရာဟာသလည်းပါ နောက်ပြီး လူမုန်းများတဲ့ မင်းအောင်လှိုင်၊ ဇော်မင်းထွန်းတို့ကို အဓိက တည်ပြီး Troll တဲ့ ပို့စ်တွေများတာကြောင့် လူကြိုက်များပြီး Like, Share, Comment တွေများတာကိုလည်း တွေ့ရပါတယ်။

မကြာခင်ရက်ပိုင်းကမှ တင်ထားတဲ့ “မန္တလေး မဟာမြတ်မုနိဘုရားကြီးရဲ့ မြသပိတ်အခိုးခံရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မင်းအောင်လှိုင်က မြသပိတ်ကို ကိုင်ထားတဲ့ ပုံနဲ့ တွဲပြီး တင်ထားတဲ့ Troll Post ဆိုရင် Reaction 7.3K, Comment 576 နဲ့ Share 781 ခု ရှိတာတွေ့ရပါတယ်။ နောက်ထပ် ပိုဆိုးတာက အဲဒီ့ Troll Page ထဲက Post အချို့ကို အတည်လိုလို ပြန်တင်ကြတာ၊ Signal Group တွေထဲ ပြန်ရှဲကြတာတွေကြောင့် သတင်းအမှားဟာ အမှန်လိုလို နဲ့ ပိုပြီး ပြန့်နှံ့သွားပါတော့တယ်။

နာမည်ကြီး Profile တခုကဆိုရင် အဲဒီ့ Troll Page ကတင်ထားတဲ့ “တရုတ်အတွက် ဂျပန်ကို ပြင်းထန်တဲ့ စီးပွားရေးဒါဏ်ခတ် အရေးယူမှုတွေ ဆက်တိုက်လုပ်သွားမယ်လို့ စစ်ကော်မရှင်ထုတ်ပြန်” ဆိုတဲ့ သတင်းအမှား ကို (သတင်းနှင့် ဓါတ်ပုံ – ခေတ်သစ်) ဆိုပြီး ပြန်ရှဲထားတာကိုတွေ့ရပါတယ်။ ဒီလိုမျိုးဆိုရင် ရှဲတဲ့သူကလည်း လူသိများတယ်၊ နောက်ပြီး ခေတ်သစ် ဆိုတဲ့ မီဒီယာနာမည်ကိုပါ မှားပြီး ထည့်ထားတော့ ဒီ သတင်းတုကို ယုံတဲ့ သူက ပိုများသွားနိုင်ပါတယ်။

ဒီ Page ကတော့ အခုတလော နာမည်ကြီးနေတဲ့ Page မို့လို့ နမူနာအနေနဲ့ ပြတာဖြစ်ပါတယ်။ ဒီလိုမျိုး အလားတူ လူမှုကွန်ယက်စာမျက်နှာတွေလည်း များစွာရှိနေတာကြောင့် သတင်းတုတွေကို သတင်းအဖြစ်နဲ့ မစားသုံးမိစေဖို့ ပြည်သူလူထုအနေနဲ့ အထူးသတိထားကြစေချင်ပါတယ်။

ဒီလို Trolling Page တွေနဲ့ပတ်သက်ပြီး အကြံ (၂) ခုလောက် ပေးချင်ပါတယ်။

(၁)ဖြစ်နိုင်ရင် ဒီလိုမျိုး Trolling Page တွေက သတင်းတုတွေကို ဖတ်မိလို့ ရယ်ရတယ်ဆိုရင် တဆင့်ထပ် ရှဲတာမျိုးမလုပ်ဘဲ Ha Ha react လေးလောက်ပဲ ပေးပြီး ပြန်ထွက်လာကြစေချင်ပါတယ်။ လုံးဝ ထပ်မရှဲဖို့ အလေးအနက် တိုက်တွန်းပေးမယ့် တားမရဘဲ ကိုယ်နဲ့ အတူ ကိုယ့် ဘော်ဒါတွေကိုလည်း ရယ်စေချင်တယ်ဆိုရင်တော့ “သတင်းကတော့ အတုပဲ ဒါပေမယ့် ရယ်ရတယ်” ဆိုတဲ့ Caption မျိုးတော့ ထည့်ရေးကြစေချင်ပါတယ်။

(၂)ဖျော်ဖြေရေးအနေနဲ့ ရယ်ချင်လို့ မဟုတ်ဘဲ သတင်းအဖြစ်နဲ့ ဖတ်ရှုစားသုံးချင်တယ် ပြန်လည်မျှဝေချင်တယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့၊ အများလက်ခံထားကြတဲ့၊ သတင်းမီဒီယာကျင့်ဝတ် နဲ့ အညီ ဆောင်ရွက်နေကြတဲ့ သတင်းမီဒီယာစာမျက်နှာတွေက သတင်းတွေကိုပဲ ဖတ်ရှုစားသုံး မျှဝေကြစေချင်ပါတယ်။

ဒီလို page တွေကို ထောင်ထားပြီး ဒီလိုမျိုး သတင်းအမှားတွေကို တင်ကြတဲ့သူတွေ အမှန်တကယ် ဘာကို ရည်ရွယ်တယ်ဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ အတိအကျသိမှာပါ။ သူတို့ ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်သည်ဖြစ်ပါစေ … သတင်းစားသုံးသူတွေနဲ့ သတင်းလောကအတွက်တော့ ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်လို့ပဲ သုံးသပ်ပါတယ်။

ခဏတာ ဘဝအမောပြေစေဖို့ ရယ်စရာ မောစရာအဖြစ်နဲ့ ဖတ်ကြရုံဆိုရင် ပြဿနာမဟုတ်ပေမယ့် … ဒီ သတင်းအတုတွေကို အမှန်ထင်ပြီး အတည်ပေါက်ကြီးစားသုံး၊ အတည်ပေါက်ကြီးမျှဝေ၊ ကိုယ့်ရဲ့ ဆင်ခြင်စဉ်းစားမှုတွေမှာပါ အတည်ပေါက်ကြီး ထည့်သွင်းစဉ်းစားဆိုတဲ့ အခြေအနေမျိုး ဆိုရင်တော့ အန္တရာယ်ရှိတယ်လို့ပဲ ပြောပါရစေ။ သတင်းမှန်လား သတင်းမှားလား အချက်အလက်စိစစ်(Fact check) ပြီး ခွဲဲခြားပြပေးနေတဲ့ သတင်းမီဒီယာအချို့ရဲ့ လင့်ခ်တွေအကြောင့် ထပ်ရေးပါဦးမယ်။

(နေဘုန်းလတ်သည် ပြင်ပဆောင်းပါးရှင် တစ်ဦးဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article