23 C
Yangon

အမေရိကန်အောက်လွှတ်တော်၏မြန်မာ့အရေးဆွေးနွေးပွဲတွင် ကျားဖြန့် တိုက်ဖျက်ရေး အတွက် အမေရိကန် အပါအဝင် နိုင်ငံတကာက ပူးပေါင်းပါဝင်ပေးရန် KNU က ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

အမေရိကန်လွှတ်တော်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် ကျားဖြန့် တိုက်ဖျက်ရေး အမေရိကန် အပါ အဝင် နိုင်ငံတကာက ပူးပေါင်းပါဝင်ရန် KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်သူ ပဒိုစောတောနီးက ဖိတ်ခေါ်လိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်၌ “U.S. Policy on Burma: Opportunities and Challenges” ခေါင်းစဉ်ဖြင့် ကျင်းပသည့် မြန်မာ့အရေးဆိုင်ရာဆွေးနွေးပွဲတွင် ပဒိုစောတောနီးက ထိုသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးကို အဓိက တာဝန်ယူခဲ့သော The Burma Research Institute (BRI) မှ ဦးဇိုသုန်းမှုန် က ပြောဆိုသည်။

“အဓိကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်ကိစ္စပါ။ KNU အနေနဲ့ဆောင်ရွက်ခဲ့တာဟာတွေ၊ ပြီးတော့ သူတို့အနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့လိုတဲ့ အကြောင်း၊ အဲ့လိုဆောင်ရွက်တဲ့အခါမှာလည်း တစ်ဖွဲ့ တစ်ဦးချင်းဆောင်ရွက်လို့မရဘူး။ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ လိုတဲ့အကြောင်း သူက ရှင်း ရှင်းလင်းလင်း တင်ပြသွားတယ်” ဟု The Burma Research Institute (BRI) မှ ဦးဇိုသုန်းမှုန် က ရှင်းပြသည်။

ယင်းဆွေးနွေးပွဲသို့ အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ၏ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ Ms. Young Kim က ပံ့ပိုးကူညီခြင်း ဖြစ်ပြီး အမေရိကန်အောက် လွှတ်တော် ကိုယ်စားလှယ် Ms. Young Kim (R, California – 40)၊ Mr. Jefferson Shreve (R, Indiana – 6)တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မြန်မာ့အရေးဆိုင်ရာဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အလုပ်မှုဆောင်ကော်မတီ အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်နှင့် အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးတို့လည်း ပါဝင် တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့သည် မကြာသေးခင်က အကြမ်း ဖက်စစ်တပ်၏ ရခိုင်ပြည်နယ်၊ မြောက်ဦး ပြည်သူ့ဆေးရုံ၌ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် အရပ်သားပြည်သူများအပေါ်၌ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေမှုများ၊ မြန်မာပြည်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ အဆုံးသတ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မ တော် (KIA) ကဲ့သို့ စိတ်ချယုံကြည်ရသော မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်တို့ ရှင်းလင်းတင်ပြခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည်သာမက ပြည်သူအများစု လက်မခံသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်သည်ကို ထောက်ပြခဲ့ကြသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲရလဒ်အား တရားဝင် ငြင်းဆိုပေးရန်၊ မြန်မာနိုင်ငံသားများအား ယာယီနေထိုင်ခွင့် ရပ်စဲသည့် ဆုံးဖြတ်ချက်ကို ဖြေလျှော့ပေးရန်၊ မကြာသေးခင်က အတည်ပြုခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအပေါ် တာဝန်ခံမှုရှိစေရေးနှင့် အရေးယူဆောင် ရွက်ရေးဥပဒေ (S.2950) ကို အသုံးပြု၍ အာဏာသိမ်းစစ်တပ်အား ရာဇဝတ်မှုများကို အားပေးကူညီနေသည့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တားဆီးနှိမ်နှင်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article